Nasal polyps ခေါ် အသက်ရှူလမ်းကြောင်းတွင်းအသားပိုလေးများအကြောင်း
ရေးသားသူ – ဒေါက်တာ ဆုဝေမွန်
တချို့သောသူများတွင် နှာခေါင်းအတွင်း၌ မွေးရာပါ အသားပိုလေးများသည် စပျစ်ခိုင်များကဲ့သို့ သို့မဟုတ် တလုံးချင်းအနေအထားဖြင့် ပါရှိတတ်သည်။ အထူးသဖြင့် လူငယ်များနှင့် သက်လတ်ပိုင်းများတွင် ပို၍အဖြစ်များသည်။ ထိုအသားပိုလေးများသည် ပန်းနာရင်ကျပ်ရောဂါ၊ ပိုးဝင်ခြင်း၊ ခုခံအားကျခြင်း အစရှိသည်တို့ကြောင့် မကြာခဏပိုးဝင်ကာ ယောင်ရမ်းခြင်းကို ဖြစ်စေနိုင်သည်။
ထို့ပြင် ထိုအသားပိုလေးများနှင့်တွဲနိုင်သော အခြေအနေများမှာ
- Aspirin ဟုခေါ်သော အကိုက်အခဲပျောက်ဆေးအား ဓာတ်မတည့်ခြင်း
- Cystic fibrosis ဟုခေါ်သော မျိုးရိုးဗီဇ ချွတ်ယွင်းမှုရောဂါကြောင့် နှာရည်ပျစ်ပျစ်များသော ထွက်ခြင်း
- Vitamin D ဓာတ်ချို့ယွင်းခြင်း
အစရှိသည်တို့ဖြစ်ကြသည်။
နှာခေါင်းအတွင်းအသက်ရှုလမ်းကြောင်းအတွင်းရှိ အသားပိုတိုင်းသည် ရောဂါလက္ခဏာပြမည်မဟုတ်ပါ။ အသားပိုသေးသေးလေးများသည် ရောဂါလက္ခဏာလုံးဝမပြပဲ အရွယ်အစားအတော်အသင့်ကြီးမားသောအသားပိုများကသာ နှာခေါင်းပိတ်ခြင်း အသက်ရှုမရခြင်း အနံ့ပျောက်ခြင်းများအပြင် မကြာခဏပိုးဝင်ခြင်း တို့ဖြစ်နိုင်သည်။
ထိုအသားပိုလေးများကို များသောအားဖြင့် နှာခေါင်းတွင်းထည့်ဆေး သောက်ဆေးများဖြင့် အရွယ်အစားကျုံ့သွားအောင်ပြုလုပ်နိုင်သည်။ ရံဖန်ရံခါမှ သာ အသားပို၏အရွယ်အစားကြောင့် ဖယ်ထုတ်ခွဲထုတ်ရန်လိုအပ်သည်။ သို့သော် ထိုသို့ ဖယ်ထုတ်ခွဲထုတ်သော်လည်း အသားပိုများပြန်ဖြစ်လာနိုင်သည်ကိုလည်း သတိထားရမည်။
နှာခေါင်းတွင်းရှိအသားပိုလေးများသည် ကာလကြာရှည် ထိပ်ကပ်နာခံစားနေရခြင်းနှင့်တွဲနိုင်သည်။ ထို့ပြင်
- မကြာခဏနှာရည်ယိုခြင်း
- အနံ့အာရုံ ချို့ယွင်းလာခြင်း
- အရသာခံစားနိုင်စွမ်းချို့ယွင်းလာခြင်း
- ခေါင်းမကြာခဏကိုက်ခြင်း
- အပေါ်သွားဖုံးနာကျင်ခြင်း
- ခေါင်းနှင့်နဖူးတွင် လေးလေးကြီးဖြစ်သလိုခံစားရခြင်း
- မကြာခဏနှာခေါင်းသွေးလျှံခြင်း
အစရှိသည်တို့ပါဝင်သည်။ ထိုအထက်ဖော်ပြပါလက္ခဏာများကို ဆယ်ရက်နှင့်အထက်ခံစားနေရလျှင် နီးစပ်ရာ ဆရာဝန်သို့ ပြသသင့်သည်။
ထိုနှာခေါင်းအတွင်းမှ အသားပိုလေးများကို သေချာစွာ မကုသပါက
- အသက်ရှုလမ်းကြောင်းကို ပိတ်ထားသဖြင့် နှာရည်များ မစီးနိုင်ခြင်း
- အိပ်သောအခါတွင်လည်း အသားပိုလေးများပိုးဝင်ကာရောင်ယမ်းမှုကြောင့် အသက်ရှုကျပ်ခြင်းကာလကြာရှည် ထိပ်ကပ်နာရောဂါကြောင့် ပန်းနာရင်ကျပ်ရောဂါ ပိုဆိုးလာခြင်း
အစရှိသော နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်ပေါ်လာနိုင်သည်။
ထိုအသားပိုလေးများ ပြန်မဖြစ်အောင် သို့မဟုတ် ပိုမကြီးလာစေရန်လုပ်ဆောင်သင့်သောနည်းလမ်းများလည်းရှိသည်။ ပန်းနာရင်ကျပ်နှင့် ဓာတ်မတည့်မှုများရှိပါက သက်ဆိုင်ရင် ဆရာဝန်ဖြင့်ပြသပြီး ဆေးအကူအညီဖြင့် ထိုရောဂါများအား သေချာစွာ ကုသရန် ၊ မီးခိုးငွေ့ ဆေးလိပ်ငွေ့များရှုရှိုက်ခြင်း၊ ဓာတုငွေ့များရှုမိခြင်းအားအတတ်နိုင်ဆုံးဆင်ခြင်ခြင်း ၊ ဖုန်မှုန့်များကို မရှုမိအောင် သတိထားရမည်။
လက်အားမကြာခဏဆေးခြင်းအားဖြင့် လက်မှတဆင့် ဘတ်တီးရီးယားပိုးများ ဗိုင်းရပ်စ်ပိုးများကြောင့် ထိပ်ကပ်နာဖြစ်ခြင်း ပိုးဝင်၍အသားပိုလေးများပိုကြီးလာခြင်းကို အထိရောက်ဆုံးကာကွယ်နိုင်သည်။
ထို့ပြင် အိမ်တွင်း လေစိုထိုင်းစထိန်းသော ပစ္စည်း humidifier များအသုံးပြု ခြင်းဖြင့် အိမ်တွင်းလေကို မခြောက်သွေ့အောင် ဂရုစိုက်ပေးနိုင်သည်။
ဆားရည် saltwater spray များဖြင့် နှာခေါင်းဆေးခြင်းများပြုလုပ်ကာ နှာခေါင်းထဲမှ အညစ်အကြေးများကုန်စင်သွားအောင်သန့်စင်ပေးနိုင်သည်။
နှာခေါင်းအတွင်းပိုင်းအသားပိုလေးများကို ဆရာဝန်များက စမ်းသပ်စစ်ဆေးသောအခါ ရံဖန်ရံခါတွင် အတွင်းအရမ်းကျသော အသားပိုလေးများကို nasal endoscopy ခေါ် နှာခေါင်းအတွင်းသို့ကြည့်သောကိရိယာကို အသုံးပြု၍အသားပိုလေးများကို ရှာဖွေရသည်။
ထို့ပြင် အတွင်းနက်နက်တွင်ရှိသော အသားပိုများ၏ ပမာဏအရွယ်အစား မည်သည့်နေရာတွင် တည်ရှိသည် ကိုအသေးစိတ်သိလိုပါက ကွန်ပြူတာဓာတ်မှန်ဟုခေါ်သော CT ဓာတ်မှန်ကို အသုံးပြု သောက်ဆေး နှာခေါင်းအတွင်းထည့်ဆေးဖြင့်သက်သာနိုင်မည်။ သို့မဟုတ် ခွဲစိတ်ဖြတ်ထုတ်ရန်လိုအပ်သည် အစရှိသည်တို့ကိုဆုံးဖြတ်ကြသည်။
များသောအားဖြင့် နှာခေါင်းအတွင်းရှိအသားပိုလေးများကို steroid ပါသော နှာခေါင်းအတွင်းထည့်ဆေးများကို အသုံးပြုကုသမှုသည် အများဆုံးဖြစ်သည်။ ထိုသို့ နှာခေါင်းအတွင်းထည့်ဆေးကုသမှုဖြင့် မလုံလောက်ပါက steroid ပါသော သောက်ဆေးထိုးဆေးများဖြင့် သီးသန့်သော်လည်းကောင်း နှာခေါင်းဆေးနှင့်တွဲဖက်၍သော်လည်းကောင်းအသုံးပြုကြသည်။
ယခုနောက်ပိုင်းတွင် dupilumab ဆိုသော ဆေးကိုပါအသုံးပြုလာကြပြီဖြစ်သည်။ သို့သော် ထိုသို့အသုံးပြုသော်လည်း အသားပိုများသည် မကျုံ့သွားလျှင် သို့မဟုတ် ပိုကြီးလာလျှင် ခွဲစိတ်ဖြတ်ထုတ်သောနည်းလမ်းအား နားနှာခေါင်းလည်ချောင်းဆရာဝန်များမှ အသုံးပြုကြသည်။

Name | ဒေါက်တာ ဆုဝေမွန် |
---|---|
Degrees | M.B.,B.S (ygn) |
Biography | 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center) |
Topic | Paediatric surgery Paediatric medicine Child psychiatry |
Address | Yangon |