SAVANT SYNDROME (သို့ ) မသန်သော်လည်း စွမ်းသူများ

ရေးသားသူ – Dr. Htein Linn Aung

ခုတလော လူကြိုက်များနေတဲ့ series တွေထဲက တစ်ခုဖြစ်တဲ့ The Good Doctor ထဲကမင်းသားဟာ Savant Syndrome ဝေဒနာရှင်တစ်ဦးပါ။

သူဟာ Autism Spectrum Disorder ခံစားနေရပြီး ထူးခြားတဲ့ မှတ်ဉာဏ်နဲ့ ပုံရိပ်ဖော်စွမ်းရည်ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။

ဗဟုသုတအနေနဲ့ Savant Syndrome အကြောင်း ဖော်ပြပေးလိုက်ပါတယ်….

အခုဖော်ပြမဲ့ Savant Syndrome ရဲ့အကြောင်းအရာများကတော့ Savant Syndrome ကို နှစ်ပေါင်း ၅၀ ကြာ အထူးပြုလေ့လာနေတဲ့ စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးဖြစ်သူ Dr.Darold Treffert ရဲ့ လေ့လာတွေ့ရှိချက်များမှ ကောက်နုတ်ချက်များပဲ ဖြစ်ပါတယ်။

Savant Syndrome ဆိုတာ ဘာလဲ?

Savant Syndrome ဆိုတာ ရှားပါးပြီး ထူးခြားတဲ့ အခြေအနေတစ်ခုပါ။

ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာရောဂါ ခံစားနေရတဲ့သူတွေ၊ ဦးနှောက်ထိခိုက်မိတဲ့သူတွေ၊ ဉာဏ်ရည်နိမ့်ပါးတဲ့သူတွေမှာ သာမာန်ထက်သာလွန်ထူးခြားတဲ့ အရည်အချင်းတွေ တွဲရှိနေတာကို ခေါ်တာပါ။

Savant Syndrome ဟာ အဖြစ်များသလား?
ခန့်မှန်းခြေအားဖြင့် Autism Spectrum Disorder ခံစားနေရတဲ့ ဝေဒနာရှင် ၁၀ယောက်မှာ ၁ ယောက်နှုန်း၊ ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာဝေဒနာရှင်တွေမှာတော့ အယောက် ၂၀၀၀မှာ တစ်ယောက်နှုန်း ရှိပါတယ်။

Savant Syndrome ဖြစ်နေတဲ့သူတွေကို လေ့လာရာမှာတော့ ၇၅% ဟာ Autism Spectrum Disorder ဝေဒနာရှင်တွေဖြစ်ပြီး ကျန် ၂၅% ဟာ အခြားဖွံ့ဖြိုးမှုဆိုင်ရာရောဂါ၊ ဦးနှောက်ထိခိုက်မိတာ၊ ဉာဏ်ရည်နိမ့်ပါးတဲ့ရောဂါဝေဒနာသည်များ ဖြစ်တာကို တွေ့ရှိခဲ့ကြပါတယ်။

တစ်ခုသတိပြုရမှာတော့ Autism ဝေဒနာသည်တိုင်း ဒီလိုသာလွန်ထူးကဲတဲ့ အရည်အသွေးမျိုး မပိုင်ဆိုင်ကြပါဘူး။

အဖြစ်များတဲ့ ထူးခြားစွမ်းရည်တွေက ဘာတွေလဲ?
ဂီတဆိုင်ရာအရည်အချင်း – အတွေ့ရအများဆုံး အရည်အချင်းပါ။ တစ်ကြိမ်နားထောင်ပြီးတာနဲ့ အတိအကျပြန်လည်သီဆို တီးခတ်နိုင်တာမျိုးပါ။

အနုပညာဆိုင်ရာအရည်အချင်း – ပုံဆွဲခြင်းနဲ့ ပန်းချီဆွဲခြင်းက အတွေ့ရ များပါတယ်။

လျှပ်တပြက် တွက်ချက်နိုင်ခြင်း – ကိန်းဂဏန်းပေါင်းများစွာကို စိတ်တွက်နဲ့ Calculator ကဲ့သို့ တွက်ချက်နိုင်တာမျိုးပါ။

အကွာအဝေးဆိုင်ရာ အရည်အချင်း – ရှုပ်ထွေးပွေလီတဲ့ မြေပုံတွေ လမ်းကြောင်းတွေကို အတိအကျမှတ်မိတာ၊ အမြင်နဲ့တင် အကွာအဝေးကို အတိအကျပြောပြနိုင်တာမျိုးတွေပါ။
အတွေ့ရတော့နည်းပါတယ်။

ပြက္ခဒိန်တွက်ချက်နိုင်တဲ့ အရည်အချင်း – ဥပမာ နောက်နှစ်ပေါင်း ၁၀၀ ကျရင် ဝါဆိုလပြည့်နေ့က တနလာၤနေ့ကျမယ်၊ ၂၁၀၀ ခုနှစ် ဇွန်လ ၃ ရက်နေ့က စနေနေ့ ဖြစ်လိမ့်မယ် စသည်ဖြင့် တွက်ချက်နိုင်တာမျိုးပါ။

ဒါအပြင် နေ့အလိုက် မိုးလေဝသအခြေအနေတွေ မှတ်မိနေလေ့ ရှိတတ်ပါတယ်။

ဘာလို့ Savant Syndrome ခံစားရသလဲ ?
ဖြစ်နိုင်ခြေတွေအများကြီး ရှိပါတယ်။ သီအိုရီတစ်ခုထဲနဲ့ ရှင်းပြလို့မရပါဘူး။

တချို့က ဦးနှောက်တစ်ခြမ်းက ဖွံ့ဖြိုးမှုချို့တဲ့လို့ အခြားတစ်ဖက်က ဖြည့်ဆည်းလုပ်ဆောင်ရင်း ဆိုင်ရာအစွမ်းတွေရလာတယ်လို့ ယူဆကြပါတယ်။

ဦးနှောက်ဘယ်ဘက်ခြမ်းက ကိန်းဂဏန်းဆိုင်ရာ၊ သချာၤစွမ်းရည်၊ ဘာသာစကား၊ စဉ်းစားသုံးသပ်တာ စတာတွေလုပ်ဆောင်ပါတယ်။

ဦးနှောက်ညာဘက်ခြမ်းက ဂီတဆိုင်ရာ၊ အနုပညာဆိုင်ရာ၊ တီထွင်ဖန်တီးမှုဆိုင်ရာ စတာတွေ လုပ်ဆောင်ပါတယ်။

ဥပမာ ဦးနှောက်ဘယ်ဘက်ခြမ်းထိခိုက်တဲ့အတွက် ဦးနှောက်ညာဘက်ခြမ်းက အစားထိုးဖြည့်ဆည်းလုပ်ဆောင်ရင်း ညာဘက်ခြမ်းကလုပ်ဆောင်တဲ့ အရာတွေမှာ သာမာန်ထက်လွန်ကဲတဲ့အစွမ်းတွေ ထွက်လာတယ်လို့ ယူဆကြပါတယ်။

ရလာတဲ့ စွမ်းရည်တွေက ပျောက်ကွယ်သွားလေ့ရှိပါသလား?
ပျောက်ကွယ်သွားလေ့ရှိတာ သိပ်မတွေ့ရပါဘူး။ စွမ်းရည်တွေကို လေ့ကျင်သွားရင် ပိုမိုတိုးတက်လာတာကိုတောင် တွေ့ရှိရပါတယ်။

ချို့ယွင်းချက်တွေကို ပျောက်ကင်းအောင် ကုသဖို့လုပ်တာထက်စာရင် အခုလို ထူးချွန်နေတဲ့ အရာကို ပိုမိုထူးချွန်လာအောင် လေ့ကျင့်ပေးတာက ဝေဒနာရှင်တွေအတွက် ပိုကောင်းပါတယ်။

အဲလိုလေ့ကျင့်ခြင်းက ဝေဒနာသက်သာစေနဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝရရှိဖို့ အထောက်အကူပြုပါတယ်။

နောက်ပို့စ်တွေမှာ ဒီမင်းသားလိုပဲ တကယ့်လက်တွေ့ဘဝထဲမှာ ထူးခြားစွမ်းရည်တွေပိုင်ဆိုင်ထားကြတဲ့ ကမ္ဘာကျော် Savant တွေကို ဖော်ပြပါဦးမယ်။

သူတို့အကြောင်းတွေမှာ အားသာချက်ကို လေ့ကျင့်ပေးရင်း ဘဝအခြေအနေတွေ ပြောင်းလဲသွားတာကို သိသာစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Source : www.agnesian.com

Name Dr.Htein Linn Aung
Degrees M.B.B.S | M.Med.Sc (Mental Health)
Biography ၂၀၀၈ ခုနှစ်တွင် M.B., B.S ဘွဲ့ ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် M.Med.Sc (Mental Health)ဘွဲ့ ကိုရရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ်မှစ၍ Dr.Med.Sc (Mental Health) ကိုတက်ရောက်သင်ကြားနေပါသည်။
Topic
  • အရက်နှင့် မူးယစ်ဆေးဝါးစွဲလန်းသည့် ပြဿနာများ
  • စိတ်ကျဝေဒနာများ၊ စိတ်ကြွစိတ်ကျ ဝေဒနာများ
  • စိုးရိမ်စိတ်လွန်ကဲသည့် ဝေဒနာများ
  • စိတ်ဖောက်ပြန်ခြင်းများ အစရှိသည့်စိတ်ရောဂါများအပြင်
  • အိမ်ထောင်ရေးဆိုင်ရာပြဿနာများ
  • ခံစားမှုပိုင်းဆိုင်ရာပြဿနာများနှင့်သောက်သုံးနေရသည့် စိတ်ပိုင်းဆိုင်ရာဆေးဝါးများအကြောင်း
  • သိလိုသည်များကို ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Address Hepta Mental Health Clinic, Yangon
en_US