Suicide ကိုဘယ်လိုကာကွယ်မလဲ?

ရေးသားသူ – Dr. Htein Linn Aung

ဒီပို့စ်မှာတော့ Suicide ကိုဘယ်လိုကာကွယ်ရမလဲဆိုတဲ့နည်းလမ်းတွေကို ဖော်ပြသွားပါ့မယ်။
ဒါတွေကို သိရှိထားရင် ကိုယ့်ဆွေမျိုး၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေမှာ သတ်သေချင်တဲ့ အရိပ်အယောင် မြင်ရင် ကြိုတင် တားဆီးကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

#ပထမဆုံးအရေးအကြီးဆုံးမှတ်ထားရမဲ့အချက်ကတော့

  • ကိုယ့်ပတ်၀န်းကျင်တစ်ယောက်ယောက်က သတ်သေလိမ့်မယ်လို့ ထင်ပြီဆိုရင် သူနဲ့ စကားပြောပါ။
  • Suicide အကြောင်းကို မေးမြန်းပြောဆိုတာက သူ့ကို သတ်သေသွားအောင် တွန်းအားပေးရာ မရောက်ပဲ ကူညီရာရောက်တယ်ဆိုတာ မှတ်ထားပါ။
  • သူ့အခက်အခဲကို ရင်ဖွင့်လာစေပြီး စိုးရိမ်စိတ်တွေ လျော့ချပေးနိုင်ပါတယ်။ ကူညီ စာနာပေးမဲ့သူရှိပါလား ဆိုတာကို ခံစားသွားရစေပါတယ်။
  • လူတစ်ယောက်ဟာ သတ်သေချင်တယ်လို့ လေးလေးနက်နက်ပြောလာရင် တကယ်လုပ်မှာလဲ မဟုတ်ပါဘူး။ အပိုတွေပါလို့ မတွေးပါနဲ့။
  • အဲလိုပြောလာတာဟာ သူခံစားနေရတာတွေ အခက်အခဲတွေ ရင်ဖွင့်ချင်၊ စာနာနားလည်ပေးမှုလိုချင်တာ၊ အားပေးကူညီစေချင်တာတွေကြောင့် ပြောတာဖြစ်
    ပါတယ်။
  • ကူညီဖေးမမဲ့သူ ဂရုစိုက်မဲ့သူမရှိတဲ့အခါမှာတော့ သေဆုံးခြင်းဟာ တစ်ခုထဲသောနည်းလမ်းပဲလို့ ယူဆပြီး ဒီနည်းကိုရွေးသွားကြတာဖြစ်ပါတယ်။

#လူတစ်ယောက်ဟာSuicideလုပ်ဖိုကြံစည်နေတယ်ဆိုတာ_ဘယ်လိုသိနိုင်မလဲ ??

  • ကိုယ့်ကိုယ်ကို သတ်သေမယ်လို့ ပြောဆို ခြိမ်းခြောက်တတ်တယ်။
  • တခြားသူတွေနဲ့ ခပ်ကင်းကင်းနေလာမယ်။ သီးခြားဆန်လာမယ်။
  • အရင်လိုပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွမရှိဘဲ နေမယ်။
  • အပြောအဆိုတွေကနေ သိနိုင်ပါတယ်။ ဥပမာ -“ငါသေသွားလဲ ၀မ်းနည်းမဲ့သူမရှိပါဘူး” “ငါသေသွားတာပဲ အေးပါတယ်” အစရှိသဖြင့်ပြောတတ်ပါတယ်။
  • အရေးအသားတွေမှာလဲ ပေါ်လွင်နေတတ်ပါတယ်။
    ဥပမာ – social mediaမှာ သေခြင်းနဲ့ ပတ်သတ်တဲ့ ကဗျာတွေ၊ စာတိုတွေရေးတာ၊ သေတမ်းစာရေးတာ၊ သတ်သေတော့မဲ့ အကြောင်း နုတ်ဆက်စာရေးတာတွေ လုပ်တတ်ပါတယ်။
  • Suicide လုပ်ဖို့ နည်းလမ်းတွေ ရှာကြံနေတတ်ပါတယ်။
    ဥပမာ – ပိုးသတ်ဆေး၀ယ်တာ၊ ကြိုး၀ယ်တာ၊ ဆေးတွေအများကြီး ၀ယ်စုနေတာမျိုး
  • မိသားစု၀င်တွေ၊ အမျိုးတွေနဲ့ သူငယ်ချင်းတွေကို လိုက်လံ နုတ်ဆက်တတ်တယ်။
  • ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ပေးပစ် လှူပစ်တာတွေ လုပ်တတ်တယ်။

#ဘယ်လိုလူမျိုးတွေက_သတ်သေနိုင်ချေများသလဲ ??

  • အရင်တုန်းက သတ်သေဖို့ ကြိုးစားဖူးတဲ့ သူတွေ
  • အမျိုးတွေထဲမှာ သတ်သေဖူးတဲ့သူတွေရှိနေတာ
  • စိတ်ကျရောဂါ ခံစားနေရတဲ့သူတွေ
  • ပြင်းပြင်းထန်ထန် စိတ်ထိခိုက်ခံစားနေရတဲ့သူတွေ
    ဥပမာ – ရည်းစားနဲ့ကွဲတာ၊ ကိုယ်ချစ်တဲ့သူသေဆုံးသွားတာမျိုး
  • နာတာရှည်ရောဂါ ခံစားနေရတဲ့သူတွေ
  • အနှိပ်စက်ခံခဲ့ရဖူးတဲ့သူတွေ၊ စစ်ပွဲဒဏ်ခံစားခဲ့ရဖူးသူတွေ၊ Abuse လုပ်ခံရဖူးသူတွေ၊ နှိမ်ပြီး ခွဲခြားဆက်ဆံခံရသူတွေ
  • တစ်ယောက်ထဲ သီးခြားနေတတ်တဲ့သူတွေ
  • အရက်စွဲ၊ မူးယစ်ဆေးစွဲနေတဲ့သူတွေမှာ Suicide လုပ်နိုင်ချေပိုများပါတယ်။

#ကိုယ့်အသိတွေထဲမှာ_Suicideလုပ်တော့မယ်လို့_သံသယရှိလာရင်_ဘာတွေလုပ်သင့်လဲ ??
ကိုယ့်မိတ်ဆွေတစ်ယောက်က သတ်သေဖို့ကြိုးစားတော့မယ်လို့ ယူဆနေရင်

  • အချိန်အခါကိုစောင့်ပြီး အနှောက်အယှက်ကင်းတဲ့နေရာမှာ Suicide အကြောင်းကို ပြောပါ။ မေးမြန်းပါ။
  • သူရင်ဖွင့်သမျှ အကြောင်းတွေ၊ အခက်အခဲတွေ အားလုံးကို နားထောင်ဖို့ အသင့်ရှိနေကြောင်း ပြပါ။
  • ကျွမ်းကျင်သူတွေနဲ့ ပြသတိုင်ပင်ဖို့ တိုက်တွန်းပါ။ မသွားရဲရင် အဖော်လိုက်ပို့ပေးမယ်လို့ အားပေးပါ။
  • အဲလူဟာ ချက်ချင်းကို သူ့ကိုယ်သူ ထိခိုက်နာကျင်အောင်လုပ်နိုင်မဲ့ အခြေအနေမျိုးမှာ ရှိနေရင်တစ်ယောက်ထဲ မထားခဲ့ပါနဲ့။ တခြားသူတွေထံမှ အကူအညီတောင်းပါ။ မိသားစု၀င်တွေကို ဖုန်းဆက်လှမ်းခေါ်ပါ။
  • ကိုယ်နဲ့တစ်အိမ်ထဲနေတာဆိုရင် ပတ်၀န်းကျင်မှာ သူ့ကိုယ်သူ ထိခိုက်အောင်လုပ်လို့ရစေမဲ့ ချွန်ထက်တဲ့အရာ(ဥပမာ – ဓါး၊ကပ်ကြေး)၊ ကြိုး၊ ပိုးသတ်ဆေး၊ အိမ်မှာဆောင်ထားတဲ့ ဆေးတွေကို သေချာသိမ်းဆည်းထားပါ။
  • သူဘာတွေ လုပ်နေလဲ ဆိုတာကို သတိထားစောင့်ကြည့်နေပါ။ ဒါမှသာ တစ်ခုခုအန္တရာယ်ရှိနိုင်တာလုပ်လာရင် ကာကွယ်တာဆီးပေးနိုင်မှာ ဖြစ်ပါတယ်။

ခုတင်ပြခဲ့တဲ့ အချက်တွေကတော့ Suicide ကို ကာကွယ်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။
ဒီပို့စ်လေးဟာ လိုအပ်လာတဲ့အခါ အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

Source : WHO

Name Dr.Htein Linn Aung
Degrees M.B.B.S | M.Med.Sc (Mental Health)
Biography ၂၀၀၈ ခုနှစ်တွင် M.B., B.S ဘွဲ့ ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် M.Med.Sc (Mental Health)ဘွဲ့ ကိုရရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ်မှစ၍ Dr.Med.Sc (Mental Health) ကိုတက်ရောက်သင်ကြားနေပါသည်။
Topic
  • အရက်နှင့် မူးယစ်ဆေးဝါးစွဲလန်းသည့် ပြဿနာများ
  • စိတ်ကျဝေဒနာများ၊ စိတ်ကြွစိတ်ကျ ဝေဒနာများ
  • စိုးရိမ်စိတ်လွန်ကဲသည့် ဝေဒနာများ
  • စိတ်ဖောက်ပြန်ခြင်းများ အစရှိသည့်စိတ်ရောဂါများအပြင်
  • အိမ်ထောင်ရေးဆိုင်ရာပြဿနာများ
  • ခံစားမှုပိုင်းဆိုင်ရာပြဿနာများနှင့်သောက်သုံးနေရသည့် စိတ်ပိုင်းဆိုင်ရာဆေးဝါးများအကြောင်း
  • သိလိုသည်များကို ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Address Hepta Mental Health Clinic, Yangon
en_US