(+95)979 811 5566 info@myancare.org
သွားတိုက်ပျင်းတဲ့ သားသားမီးမီးတွေကို သွားတိုက်လာအောင် ဘယ်လိုလုပ်ကြမလဲ

သွားတိုက်ပျင်းတဲ့ သားသားမီးမီးတွေကို သွားတိုက်လာအောင် ဘယ်လိုလုပ်ကြမလဲ

” သွားတိုက်ပျင်းတဲ့ သားသားမီးမီးတွေကို သွားတိုက်လာအောင် ဘယ်လိုလုပ်ကြမလဲ…?”

ရေးသားသူ – ဒေါက်တာ မျိုးမြင့်အောင် (သွားနှင့်ခံတွင်းကျန်းမာရေးအထူးကု)

ကလေးတွေ သွားနှင့်ခံတွင်းရောဂါတွေကင်းရှင်းအောင် ကာကွယ်ချင်တယ်ဆိုရင်တော့ သွားမှန်မှန်တိုက်ပေးဖို့လိုပါမယ် ။

ဒါပေမယ့် ကလေးတွေကို သွားမှန်မှန်တိုက်ပေးတာဟာ မိဘတိုင်းအတွက် လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး ။ “ဆရာရေ… အိမ်က သားသားကတော့ သွားတိုက်ချိန်ရောက်ရင် ငိုတာပဲ” “အိမ်က မီးမီးကတော့ လုံးဝတိုက်ခိုင်းလို့ကိုမရဘူး ” ဆိုတာတွေကို ကျွန်တော်အမြဲတမ်း မကြားချင်မှ အဆုံး ။

ဒါဆို ကလေးတွေ သွားတိုက်ချင်လာအောင်ဘယ်လိုလုပ်ကြမလဲ ။ ကလေးပေါက်စတွေကိုတော့ ကျွန်တော်တို့ သင်ပေးကြမယ်။

ကလေးကြီးတွေကိုတော့ ကျွန်တော်တို့ ဂျင်းထည့်ကြရအောင် ။ ကျွန်တော်စဉ်းစားမိသမျှ နည်းလမ်းတွေကို မျှဝေပါ့မယ်။

ဒါဆို စလိုက်ကြရအောင်…..

သွားတိုက်တံကိုမိတ်ဆက်တဲ့အဆင့်
ကလေးပေါက်စလေးကို သွားတိုက်မယ် လာစမ်းဆိုပြီး စလိုက်လို့ကတော့ အဲ့ဒီကလေးကို ဘယ်တော့မှ သွားတိုက်လို့ရတော့မယ် မထင်ဘူး။

မိဘတိုင်း ကလေးတွေရဲ့ ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုကို လသားအရွယ်ကတည်းက စတင်သင့်ပါတယ် ။

ဒါကြောင့် လသားအရွယ်ကလေးလေးကို ရင်ခွင်ထဲ အသာအယာထည့်၍သော်လည်းကောင်း ၊ မျက်နှာချင်းဆိုင် အနေအထားနဲ့သော်လည်းကောင်း ကလူကျီစယ်ရင်း ခံတွင်းသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ် ။

သွားတွေပေါက်မလာခင် အဝတ်စို နုနု သန့်သန့်လေးနဲ့ ခံတွင်းသန့်ရှင်းရေးကို အစပြုသင့်ပါတယ်။
သွားမပေါက်သေးပေမယ့် သွားဖုံးလေးတွေကို နေ့စဉ်သန့်ရှင်းပေးခြင်းဟာ ကလေးတွေသွားပေါက်ချိန်မှာ သွားတိုက်တံကို မိတ်ဆက်ဖို့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်သလို ကလေးရဲ့ ခံတွင်းကျန်းမာရေးကိုလည်း ပိုမိုတိုးတက်ကောင်းမွန်လာစေမှာ အမှန်ပါပဲ။

ကလေးလသားပေါက်စလေးတွေက မေမေလုပ်သမျှ ငြိမ်ခံတတ်ပေမယ့် နည်းနည်းလေးကြီးလာ သိတတ်လာတော့ ဂျီကျတတ်လာရော ။ သွားတိုက်ချိန်မှာ ရုန်းမယ် ကန်မယ် ငိုမယ်ပေါ့လေ ။

ဒါဆိုရင်တော့ သွားတိုက်ခြင်းဟာ လူတွေအတွက် ပုံမှန်အလေ့အထတစ်ခုဆိုတာ သင့်ကြားပေးရမယ့် အချိန်ပါပဲ ။

ဖေဖေ မေမေတို့က ကလေးလေးတွေရှေ့မှာ သွားတိုက်ပြပါ ။ သွားတိုက်ရင်း စနောက်ကျီစယ်ပါ။ သွားတိုက်ပြီးရင် ရေနဲ့ထွေးရတယ်ဆိုတာ လုပ်ပြပါ ။

ကလေးလေးတွေနဲ့ ကစားတဲ့အခါ သူ့အရုပ်လေးတွေကို သွားတိုက်တမ်းဆော့ပေးပါ ။ သူ့အရုပ်လေးတွေကိုလည်း သူ့ကို သွားတိုက်ခိုင်းပါ ။

ကလေးလေးတွေကို စရင်းနောက်ရင် အချိန်ပေးပြီး သွားတိုက်ပေးပါ ။ သူသွားတိုက်တဲ့အချိန်မှာ ချီးမွမ်းပေးပါ ။

သွားတိုက်ခြင်းဟာ ကျွန်တော်တို့တွေအားလုံးအတွက် အလေ့အထတစ်ခုဆိုတာ သင်ယူနိုင်မှာဖြစ်ပြီး ကလေးတွေ သွားတိုက်ခြင်းကို လက်ခံလာပါလိမ့်မယ်။

ကလေးစိတ်ဝင်စားအောင်ဖန်တီးကြည့်ပါ

  • သွားတိုက်တံကို ကလေးကိုယ်တိုင်ရွေးချယ်ပါစေ..။ သူကြိုက်တဲ့ တိရစ္စာန်ရုပ်လေးတွေ ၊ Spider Man တို့ ဘာဘီတို့ စသဖြင့်အရုပ်လေးတွေပါတဲ့ သွားတိုက်တံလေးတွေက ကလေးတွေကို စိတ်ဝင်စားမှုဖြစ်စေမှာပါ။
  • ကလေးသွားတိုက်ဆေးမှာ စတော်ဘယ်ရီအရသာ ဖရဲသီးအရသာ လိမ္မော်အရသာ စသဖြင့်အမျိုးမျိုးရှိလို့ ကလေးနှစ်သက်တဲ့ သွားတိုက်ဆေးကို ဝယ်ကြည့်ပါ…။
  • ကလေးနဲ့ အတူတူ သွားတိုက်ပါ…။ မိဘနဲ့ကလေးအတူသွားတိုက်ခြင်းက မိသားစုကိုပိုပြီးနွေးထွေးစေပါလိမ့်မယ်….။ ကလေးလည်းဖိအားမများတော့ဘူးပေါ့။

ဒါကြောင့် ကလေးတွေကို တစ်ယောက်တည်း သွားမတိုက်ခိုင်းပါနဲ့…။

  • သွားတိုက်နေစဉ် ကလေးနှစ်သက်တဲ့ သီချင်းလေးဖွင့်ထားပါ…။ ခေါတ်စားနေတဲ့သီချင်းမြူးမြူးလေးတွေ ရွေးဖွင့်ရင်ပိုကောင်းပါတယ်…။
  • သွားတိုက်တံကို မိုက်ခရိုဖုန်းလုပ်ပြီး မှန်ရှေ့မှာ ရုပ်ပြောင်လေးတွေ အတူတူလုပ်ကြည့်ပါ…။
    ဒါဆို သွားတိုက်တာက တော်တော်စိတ်ဝင်စားဖို့ကောင်းနေပြီ ပျော်စရာလည်းကောင်းနေပါပြီ…။
    ဒီလိုလုပ်တာတောင် ပျင်းနေသေးတယ်ဆို နဲနဲထပ်အဆင့်မြင့်ရအောင်…။

သွားတိုက်တာကို ကစားသလိုမျိုးလုပ်ကြမယ်…

  • ကလေးကို သူဆော့နေကြ အရုပ်လေးတွေကိုပါ သွားတိုက်ခိုင်းကြည့်ပါ…။ သွားတိုက်တာကို စိတ်ပါလာမှာ သေချာပါတယ်…။
  • သွားတိုက်နေကြတဲ့ ကာတွန်း Video လေးတွေကိုလည်းပြပါ…။
  • တလှည့်စီသွားတိုက်ပေးတမ်းဆော့ပါ…။ ကိုယ့်ကို ကလေးကအရင်တိုက် ပြီးရင် ကိုယ်က ကလေးကို ပြန်တိုက်ပေးတာမျိုး…။

ဒီထက်ပိုစိတ်ပါလာအောင် ဆုပေးလို့ရသေးတယ်…
ဒါကတော့ ကလေးကြီးတွေကို ဂျင်းထည့်တဲ့နည်းပေါ့ ။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်သားသမီးတွေဖြစ်တဲ့အတွက် အခွင့်အရေးတွေ ၊ မုန့်တွေ ၊ အရုပ်တွေ ၊လက်ဆောင်ပစ္စည်းလေးတွေက ဝယ်ပေးရတာပဲပေါ့နော် ။ အဲ့ဒါကို အသုံးချပြီး ဂျင်းထည့်ကြတာပေါ့ ။

ကျွန်တော်ကတော့ ကလေးကို ပစ္စည်းတွေပေးတာထက်…ကလေးကြိုက်တတ်တဲ့ အခွင့်အရေးတွေကိုပေးတာ ပိုနှစ်သက်ပါတယ် ။

ဥပမာ ပုံပြင်ဖတ်ပြတာ၊ ကလေးကစားကွင်းသွားတာ၊ ခရီးထွက်တာတို့ ပေါ့နော်…။
ကလေးကြီးတွေဟာ သွားတိုက်ပိုပျင်းတတ်ကြတယ် ။ တချို့ကလေးကြီးတွေကျတော့လည်း သွားတော့တိုက်တယ် ပြီးစလွယ်တိုက်တာမျိုးပေါ့။ ကလေးကြီးတွေကျတော့ လူကြီးသွားတွေလည်း ပါးစပ်ထဲရှိနေနိုင်တာမို့ မိဘတွေအနေနဲ့ သွားတိုက်ခြင်းကို ပိုကြပ်မတ်သင့်ပါတယ် ။

မိဘတွေတော်တော်များများကတော့ ပြက္ခဒိန်တွေမှာ အမှန်ခြစ်တွေ ခြစ်တဲ့နည်းလမ်းကို သုံးတာများတယ် ။ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်တာဆိုတော့ တစ်နေ့ကို အမှတ် နှစ်ခြစ်ပေါ့ ။ အမှတ် (၁၀၀၀) ရရင် ဆုရတာမျိုး စသဖြင့် လုပ်ကြတယ် ။

သွားတိုက်တဲ့အချိန်မှာ မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့ ကလေးကို မိဘတွေတော်တော်များများကတော့ ကလေးကိုသွားကျန်းမာရေးဗဟုသုတတွေ သိသလောက်ပြောပြတယ်လို့ ကျွန်တော့်မိတ်ဆွေတော်တော်များများကပြောထားပါတယ်…။ တချို့ မိဘတွေကျပြန်တော့လည်း ချော့တန်ချော့ ခြောက်တန်ခြောက် ရိုက်တဲ့အခါတောင် ရှိသတဲ့ဗျာ…။ မိဘတွေတွေတော့ ကလေးကိုကောင်းစေချင်သကိုးနော့…။

ကလေးကို သွားတိုက်ခိုင်းတဲ့ကိစ္စမှာ သွားကျန်းမာရေးအကြောင်းပြောပြတာနဲ့တင်မလုံလောက်ပါဘူး ။ လူကြီးတွေတောင်ပျင်းကြတာ ကလေးတွေလည်း ပျင်းတာပေါ့ ။

ဒီလောက်ဆိုရင်တော့ ကလေးတွေကို သွားတိုက်ဖို့ စည်းရုံးနိုင်မယ်လို့ ထင်ပါတယ်။
ဇွဲရှိဖို့တော့ လိုမယ်နော် ။

ကလေးလေးတွေ သွားတိုက်တာကို စိတ်ဝင်စားလာပြီဆိုရင် ကလေးလည်း သွားနှင့်ခံတွင်းရောဂါတွေကင်းမယ် ဖေဖေမေမေတို့လဲ စိတ်မညစ်ရတော့ဘူးပေါ့…။
မိဘနဲ့ကလေးကြားမှာလည်း အတူတူအချိန်တွေကုန်ဆုံးဖြစ်သလို ချစ်စရာအမှတ်တရလေးများစွာ ကျန်ခဲ့မှာ အသေအချာပါပဲ ။
ကဲ အရမ်းမခက်ပါဘူး… ဖေဖေမေမေတို့ရေ… ။
ကြိုးစားကြည့်ပါဦး…

en_USEN
my_MMMY en_USEN