ငါးရိုးစူးခြင်း

ငါးရိုးစူးခြင်း

ငါးရိုးစူးခြင်း

ရေးသားသူ – ဒေါက်တာ ဆုဝေမွန်

လည်ချောင်းတွင် ငါးရိုးစူးခြင်းကို မကြုံဖူးသော သူသည်အလွန်ရှားသည်။ ငါးရိုးသည် လည်ချောင်းအတွင်းနံရံရှိ ကြွက်သားပျော့များကို စိုက်မိနေသည့်အခါ ခုလုခုလုဖြင့် အတော်ပင်နေရခက်သည်ကို ကြုံရတတ်သည်။

ငါးရိုးစူးသောအခါ များသောအားဖြင့် ချောင်းဟန့်သလို ဟပ်ထုတ်၍ဖြစ်စေ ငါးရိုးသည် အစာအိမ်ထဲသို့ ကျသွား၍ဖြစ်စေ ခဏတဖြုတ်အတွင်းပင်ပြန်၍ သက်သာသွားတတ်သည်။ ငါးရိုးစူးသော လူနာများတွင် ငါးပြေမအရိုးစူးလျှင် ထုတ်ရအခက်ဆုံးပင်ဖြစ်သည်။ ငါးပြေမအရိုးသည် တခြား ငါးရိုးများနှင့်ယှဉ်လျှင် ပို၍မြဲမြံစွာ လည်ချောင်းအတွင်း နံရံ၌စိုက်နေတတ်သည်။

များသောအားဖြင့် ငါးရိုးစူးလျှင် ထမင်းဆုပ်မြိုခြင်းရေသောက်ခြင်းတို့ ပြုလုပ်လေ့ရှိကြသည်။ ထို့ပြင် အချဉ်ဓာတ်ပါသော သံပရာရည်ချဉ်ချဉ်လေးကို လည်ချောင်းအတွင်းသို့ဖြေးညှင်းစွာမြိုချခြင်းဖြင့် ငါးရိုးလေးသည် ဖြေးဖြေးချင်းပျော်ဆင်းသွားကာ သက်သာသွားတတ်သည်။ ကြက်ဥအစိမ်းကိုဖောက်သောက်ခြင်း၊ သံလွင်ဆီ တဇွန်းမြိုချခြင်း တို့ဖြင့်လည်း သက်သာနိုင်ပါသည်။

သို့သော် ရံဖန်ရံခါတွင် အလွန်ကြီးသော ငါးရိုး သို့မဟုတ် ငါးရိုးသည် ကန့်လန့် အနေအထားနှင့် လည်ချောင်းအတွင်းသို့ စိုက်နေပါက ပျော်ဆင်းသွားဖို့ မလွယ်ကူပါ။ ထိုအခါ လည်ချောင်းအတွင်းကြည့်ကိရိယာလေးဖြင့် ကြည့်ကာ လည်ချောင်းအတွင်းမည်သည့်နေရာတွင် စိုက်နေသည်အပေါ် မူတည်၍ ဆေးရုံတွင် လိုအပ်သလို မေ့ဆေးထုံဆေးပေးကာ ထုတ်ရသောအခိုက် အတန့်များလည်းရှိသည်။

ငါးရိုးစူးခြင်းသည် နောက်ဆက်တွဲဆိုးကျိုးအနေနှင့် လည်ချောင်းအတွင်းနံရံသားရောင်ရမ်းကာ အစာမစားနိုင်ခြင်း ၊ အစာမြိုရခက်ခဲခြင်းတို့အပြင်လည်ချောင်းအတွင်းမှ သွေးထွက်ခြင်း ပြည်တည်နာဖြစ်ခြင်းတို့အထိပါ ဖြစ်ပွားနိုင်သောကြောင့် ဂရုစိုက်ရန်လိုအပ်ပါသည်။

ငါးရိုးစူးလျှင် မိမိဘာသာထုတ်ရန် မကြိုးစားပါနှင့် အထက်ဖော်ပြပါ အိမ်တွင်းနည်းလမ်းများကို ကြိုးစားကြည့်ပါ မသက်သာပါက နီးစပ်ရာဆေးခန်း သို့မဟုတ် နားနှာခေါင်းလည်ချောင်းဆရာဝန်သို့ အမြန်သွားရောက် တိုင်ပင်သင့်ပါသည်။

Name ဒေါက်တာ ဆုဝေမွန်
Degrees M.B.,B.S (ygn)
Biography 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center)
Topic Paediatric surgery Paediatric medicine Child psychiatry
Address Yangon
အာသီးရောင်ခြင်း

အာသီးရောင်ခြင်း

အာသီးရောင်ခြင်း

ရေးသားသူ – ဒေါက်တာ ဆုဝေမွန်

အာသီးရောင်ခြင်းဆိုသည်မှာ အာခေါင်အဆုံးတွင် ကကြီးပုံအခုံးလေးနှစ်ခု၏ ဘေးတဖက်တချက်နေရာများ နီရဲရောင်နေခြင်းပင်ဖြစ်သည်။ အာသီးသည် ခန္ဓာကိုယ်တွင်းသို့ bacteria သို့မဟုတ် virus ပိုးများဝင်ရောက်လာသည့်အခါ ကိုယ်ခန္ဓာ၏ ခုခံအား စနစ်မှ ပထမဆုံးအလုပ်လုပ်စေသောနေရာဖြစ်သည်။

ထို့ကြောင့်ပင် ခန္ဓာကိုယ်အတွင်းသို့ အသက်ရှုလမ်းကြောင်းပိုင်းဆိုင်ရာ ပိုးတမျိုးမျိုး ဝင်ရောက်သည်နှင့် တပြိုင်နက် ယောင်ယမ်းမှု အများဆုံးဖြစ်လေ့ဖြစ်ထရှိသောနေရာလည်းဖြစ်သည်။

အာသိးရောင်သည်နှင့် လည်ချောင်းနာခြင်း တံတွေးမြိုရခက်ခဲခြင်း လည်ပင်းနာတဝိုက်ရှိ အကျိတ်များကြီးလာခြင်း အစရှိသည်တို့ပါ ဖြစ်လာတတ်သည်။ အများအားဖြင့် အာသီးရောင်ခြင်းသည် virus ပိုးကြောင့် ဖြစ်တတ်သော်လည်း ရံဖန်ရံခါတွင် bacteria ပိုးများကြောင့် အာသီးရောင်တတ်ခြင်းများလည်းရှိတတ်သည်။ ပိုးသတ်ဆေးများ ယောင်ယမ်းသက်သာသောဆေးများဖြင့်ကုသသော်လည်း မကြာခဏရောင်ရမ်းနာကျင်ခြင်းများ ဆက်လက် ဖြစ်လာပါက ရောင်နေသော အာသီးအားခွဲစိတ်ဖြတ်ထုတ်ခြင်း နည်းလမ်းအားဖြင့်ကုသနိုင်သည်။

အာသီးရောင်ခြင်း၏ လက္ခဏာများမှာ

  • အာသီးများနီရဲရောင်နေခြင်း
  • အာသီးနှစ်ဖက်တွင် အဖြူအဖတ်အဖတ်များ ဖြစ်နေခြင်း
  • တံတွေးမြို အစာမြိုချလိုက်သော အခါတိုင်း နာကျင်ခြင်းကို ခံစားရခြင်း
  • အဖျားသွေးရှိခြင်း
  • လည်ပင်းနာတဝိုက်တွင် အကြိတ်များကြီးလာခြင်း
  • လည်ချောင်းနာခြင်းကြောင့်စကားပြောသောအခါတွင် အသံများ ဗလုံးဗထွေးဖြင့် ပီပီသသ သဲသဲကွဲကွဲ မပြောနိုင်ခြင်း
  • ခံတွင်းအနံ့ဆိုးထွက်ခြင်း
  • ကလေးငယ်များတွင် အစာအိမ်အောင့်ခြင်း
  • ဇာက်ကြောများ ပို၍တောင့်နေသလိုခံစားရခြင်း
  • ခေါင်းကိုက်ခြင်း

တို့ဖြစ်ကြသည်။

ငယ်ရွယ်သော ကလေးများတွင်မူ အာသီးရောင်လျှင် သိသာသော လက္ခဏာများမှာတံတွေးများအဆက်မပြတ်ကျခြင်း၊အစားအသောက်စားရန်ငြင်းဆန်ခြင်း၊ ခံတွင်းပျက်ခြင်းများမှာ ပိုမိုသိသာထင်ရှားသည်။

အာသီးရောင်ခြင်းသည် ၂ရက်ပြည့်သောအချိန်အထိမသက်သာခြင်း၊ မြိုချလိုက်တိုင်းတွင် နာကျင်ခြင်းဝေဒနာကို ခံစားရခြင်း၊အသက်ရှုရခက်ခဲခြင်း သွားရည်များအလွန်အမင်းကျခြင်း ရက်အတော်ကြာ အစာမစားနိုင်မှုကြောင့် နုန်းခွေသလိုခံစားနေရခြင်းများဖြစ်လျှင် ချက်ချင်း နီးစပ်ရာဆေးခန်းသို့ပြသသင့်သည်။

အာသီးရောင်ခြင်းကို သေချာမကုသပါက

  • အသက်ရှုရခက်ခဲခြင်း
  • အိပ်စက်အနားယူသောအခါ အသက်ရှုကျပ်ခြင်း
  • အာသီးရောင်ခြင်းမှတဆင့် ပိုးများပြန့်ကာ အနီးတဝိုက်ရှိ ကြွက်သားများပါ ရောင်ရမ်းလာခြင်း
  • ပြည်တည်နာများဖြစ်လာခြင်း

တို့အပြင် နှလုံးလေးဖက်နာပိုးအဖြစ်အသွင်ပြောင်းကာ နှလုံးရှိ အဆို့ရှင်များကို တိုက်ခိုက်ဖျက်ဆီးခြင်း တို့ဖြစ်လာနိုင်သည်။ ထို့ပြင်အာသီးရောင်ခြင်းကိုကာကွယ်ရန် အဓိကမှာ တကိုယ်ရည်သန့်ရှင်းရေးဖြစ်သည်။

  • လက်ကို မကြာခဏဆေးကြောပါ
  • ချောင်းဆိုးနှာချေသည့်အခါ လက်ကိုင်ပုဝါသုံးပါ
  • ဖျားနာ၍ကိုယ်ခံအားကျနေချိန်တွင် လူအများနှင့်အတူရောနှောနေထိုင်ခြင်းမပြုရ
  • အစားအသောက်စားသော အိုးခွက် ပန်းကန်ခွက်ယောက်တို့ကို သီးသန့်ခွဲထားပါ
  • သွားပွတ်တံကို သီးခြားစီခွဲသိမ်းခြင်း အစရှိသည်တို့ကို စနစ်တကျပြုလုပ်ရမည်

အိမ်တွင် ဆားရည်ဖြင့် ပလုတ်ကျင်းခြင်း ၊ ဆီကြော်မုန့်များအားရှောင်ရှားခြင်း ၊ ခံတွင်းဆေးရည်များအသုံးပြုခြင်းတို့သည်လည်း အာသီးရောင်ခြင်းများသက်သာစေရန် ကျင့်သုံးသင့်သော နည်းလမ်းများဖြစ်ပေသည်။

အာသီးရောင်ခြင်းသည် တနှစ်အတွင်း အကြိမ်ပေါင်းများစွာဖြစ်လျှင် နှစ်နှစ်အတွင်း ရှစ်ကြိမ်ထက်မနည်းဖြစ်လျှင် သုံးနှစ်အတွင်း ဆယ်ကြိမ်ထက်မနည်း ဖြစ်ပွားပါက သက်ဆိုင်ရာ နားနှာခေါင်းဆရာဝန်သို့ လွှဲကာ မည်ကဲ့သို့ဆက်လုပ်သင့်သည်ကို အကြံဉာဏ်ယူသင့်ပါသည်။

Name ဒေါက်တာ ဆုဝေမွန်
Degrees M.B.,B.S (ygn)
Biography 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center)
Topic Paediatric surgery Paediatric medicine Child psychiatry
Address Yangon
နားပိုးဝင်၍ နားပြည်ယိုခြင်း

နားပိုးဝင်၍ နားပြည်ယိုခြင်း

နားပိုးဝင်၍ နားပြည်ယိုခြင်း

ရေးသားသူ – ဒေါက်တာ ဆုဝေမွန်

နားပြည်ယိုခြင်းဆိုသည်မှာ အလယ်နားအပိုင်းသို့ ပိုးဝင်ကာ နားအတွင်းတွင် ယောင်ရမ်းနာဖြစ်ကာ ပြည်အရည်များထွက်ကျလာခြင်းဖြစ်သည်။ လူကြီးများထက် ကလေးများတွင် ပိုမိုအတွေ့ရများတတ်သည်။ ကလေးအသက် ၆လနှင့် ၂နှစ်ကြားတွင် ကိုယ်ခံအားစနစ်လေးများ အားနည်းနေသေးသောကြောင့် နားပိုးဝင်ခြင်း ပိုဖြစ်တတ်သည်။

ထို့ပြင် နှုတ်ခမ်းကွဲအာခေါင်ကွဲကလေးများတွင် ပုံမှန်ကလေးများနှင့်မတူ ကွဲပြားသော အရိုးတည်ဆောက်ပုံကြောင့် နားပိုးဝင်၍ နားပြည်ယိုခြင်းများ ၊ မိခင်နို့တိုက်သောကလေးများထက် လဲလျောင်း၍နို့ဘူးစို့သော ကလေးများတွင် နားပိုးဝင်ခြင်းက ပိုအဖြစ်များသည်ကို တွေ့ရသည်။

များသောအားဖြင့်နားပြည်ယိုခြင်းသည် အလိုအလျောက်ပြန်ကောင်းနိုင်သော သဘာဝရှိသည်။ ထို့ကြောင့်နားကိုက်လျှင် အကိုက်အခဲပျောက်ဆေးပေးခြင်း၊အကြားအာရုံချို့ယွင်းခြင်းရှိမရှိ သတိထား၍ စောင့်ကြည့်အနေအထားဖြင့် စောင့်ကြည့်နိုင်သည်။ ရံဖန်ရံခါတွင် နားအတွင်းသို့ အစက်ချသော ပိုးသတ်ဆေးများအသုံးပြုခြင်း၊ ပိုးဝင်ခြင်းလက္ခဏာပြင်ထန်ပါက ပိုးသတ်ဆေးများကို သောက်ဆေးအနေဖြင့်သော်လည်းကောင်း ထိုးဆေးအနေဖြင့်သော်လည်းကောင်း အသုံးပြုကြသည်။

နားပြည်ယို၍နားပိုးဝင်ခြင်း လက္ခဏာများမှာ သိသိသာသာ လျင်လျင်မြန်မြန်ပေါ်ပေါက်လာလေ့ရှိကြသည် အထူးသဖြင့်

  • လဲလျောင်းအိပ်စက်သောအခါတွင် နားပိုကိုက်ခြင်း
  • အိပ်လို့မရနိုင်အောင် နားကိုက်ခြင်း ဝေဒနာကို ခံစားရခြင်း
  • အလွန်ငယ်ရွယ်၍ စကားမပြောနိုင်သေးသောကလေးများမူ အဆက်မပြတ် မရပ်မနား ငိုခြင်း
  • ကြားနေကြအသံများအား သေသေချာချာသဲသဲကွဲကွဲမကြားနိုင်ခြင်း
  • ကိုယ်ခန္ဓာအား ဟန်ချက်ညီအောင်ထိန်းနိုင်မှုမရှိခြင်း
  • အဖျားသွေးသည် ၁၀၀ ဒီဂရီဖာရင်ဟိုက်ထက်ပိုခြင်း
  • နားထဲမှာ ပြည်သို့မဟုတ် သွေး သို့မဟုတ် အရည်ကြည်များ ယိုစီးကျလာခြင်း
  • ခေါင်းကိုက်ခြင်း

အစရှိသော လက္ခဏာများကို ခံစားရလေ့ရှိသည်။

ထိုသို့နားပိုးဝင်၍ နားပြည်ယိုသော လက္ခဏာသည်

  • တရက်ထက် ပိုကြာခြင်း
  • အသက် ၆လအောက်ကလေးများတွင် ဖြစ်ခြင်း
  • နားကိုက်ခြင်း ပိုမိုဆိုးဝါးလာခြင်း

အအေးမိ နှာစေး အသက်ရှုလမ်းကြောင်းပိုးဝင်ပြီး နောက်ပိုင်းတွင် ကလေးငယ်သည် ပိုမိုဂျီကျခြင်း သို့မဟုတ် မအိပ်နိုင်ခြင်း

နားထဲမှာ အရည်ကြည် သို့မဟုတ် ပြည်များစီးကျလာလျှင် ချက်ချင်း နီးစပ်ရာ ကျွမ်းကျင်ဆရာဝန်သို့ အမြန်ပြသသင့်သည်။

နားပိုးဝင်၍ နားပြည်ယိုခြင်းကို သေချာစွာမကုသပါကမကြာခဏပိုးဝင်ခြင်းကြောင့် အကြားအာရုံ အပြီးချို့ယွင်းခြင်း၊ ကလေးများတွင် စကားပြောနှောင့်နှေးခြင်း ဖွံ့ဖြိုးမှုနောက်ကျခြင်း တို့အပြင် နားစည်ပြဲခြင်း အစရှိသည်တို့ဖြစ်နိုင်သည်။

နားစည်ပြဲခဲ့ပါက ပုံမှန်အားဖြင့် ၂ရက်မှ ၃ရက်အတွင်းပြန်ကောင်းတတ်သော်လည်း ရံဖန်ရံခါတွင်မူ ခွဲစိတ်ခန်းသို့ဝင်ကာ ပြဲနေသော နားစည်ပြုပြင်ရခြင်းများအား လုပ်ဆောင်ရတတ်သည်။

နားပိုးဝင်ခြင်းကို ကာကွယ်ရန် တတ်နိုင်သမျှ အအေးမိဖျားနာခြင်းကို ရှောင်ကြဉ်ပါ လက်ကိုမကြာခဏဆေးကြောခြင်း နှာချေချောင်းဆိုးလျှင် တံတောင်ဆစ်ကွေးကို အသုံးပြုခြင်း ၊ တတ်နိုင်သမျှ နို့စို့ကလေးများတွင် နို့ဘူးနို့မှုန့်ထက် မိခင်နို့စို့ခြင်းကို ပိုမိုအားပေးခြင်း ၊ နို့ဘူးစို့သော ကလေးများတွင် အတတ်နိုင်ဆုံး ရေညီလဲလျောင်းပုံစံဖြင့်မစိ့ုစေပဲ ၄၅ဒီဂရီထောင်လျက်အနေအထားဖြင့်နို့စို့စေခြင်း ၊ ရာသီတုပ်ကွေး နှင့် တခြားအမျိုးမျိုးသော ပိုးတို့ကို ကာကွယ်သောဆေးများသည် အတိုင်းအတာတခုအထိ နားပိုးဝင်၍ နားပြည်ယိုခြင်းကို ကာကွယ်မှုပေးနိုင်သောကြောင့် ကာကွယ်ဆေးများလက်လှမ်းမှီသရွေ့ထိုးပေးသင့်ပါသည်။

Name ဒေါက်တာ ဆုဝေမွန်
Degrees M.B.,B.S (ygn)
Biography 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center)
Topic Paediatric surgery Paediatric medicine Child psychiatry
Address Yangon
အကြားအာရုံချို့တဲ့ခြင်း

အကြားအာရုံချို့တဲ့ခြင်း

အကြားအာရုံချို့တဲ့ခြင်း

ရေးသားသူ – ဒေါက်တာ ဆုဝေမွန်

အကြားအာရုံသည် နေ့စဉ်လုပ်ငန်းဆောင်တာများလုပ်ဆောင်သော အခါတွင် လွန်စွာအရေးပါသည်။ အကြားအာရုံချို့တဲ့ခြင်းသည် နေ့စဉ်ဘဝတွင် များစွာသက်ရောက်နိုင်သဖြင့် အထူးဂရုစိုက်ရန်လိုအပ်သည်။ အကြားအာရုံချို့တဲ့သည်ဟုဆိုရာဝယ်

  1. အပြင်နားသို့မဟုတ်အလယ်နားပြသနာကြောင့် အကြားအာရုံချို့တဲ့ခြင်း (conductive hearing defect )
  2. အတွင်းနားပြသနာကြောင့် အကြားအာရုံချို့တဲ့ခြင်း
    ( sensorineuronal hearing defect) နှင့်
  3. နှစ်ခုပေါင်းအရော ( mixed type)

ဟူ၍ အကြမ်းဖျင်းသုံးမျိုးခွဲခြားထားနိုင်သည်။

အသက်ကြီးလာသောကြောင့် အကြားအာရုံချို့တဲ့ခြင်း၊အလွန်ကျယ်လောင်သော ဆူညံသံများကို အချိန်ကြာမြင့်စွာ နားထောင်ရခြင်းကြောင့် အကြားအာရုံချို့တဲ့ခြင်း တို့သည် အဖြစ်အများဆုံးတွေ့ရအများဆုံးဖြစ်သည်။

သို့သော် ရံဖန်ရံခါတွင် နားအတွင်း၌ နားဖာချေး အလွန်အမင်းပိတ်ဆို့မှုကြောင် ခေတ္တခဏ အကြားအာရုံချို့ယွင်းခြင်းသည်လည်း လူအတော်များများတွင်တွေ့ရတတ်သည်။

ထို့ပြင် နားပိုးဝင်ခြင်း အရိုးတည်ဆောက်မှု မူမမှန်ခြင်းနှင့် အကြိတ်ရောဂါများကြောင့် အပြင်နှင့်အလယ်နားပိုင်းတွင် ပြသနာဖြစ်ကာ အကြားအာရုံဆုံးရှူံးခြင်းများဖြစ်ပေါ်ခြင်း၊ ရုတ်တရက် အသံကျယ်လောင်ဆူညံခြင်း နားအတွင်းသိ့ုပိုးဝင်ခြင်း နားထဲကို အချွန်ပစ္စည်းတခုခုဖြင့် ထိုးမိကလိမိခြင်း မျိုးရိုးဗီဇအရ အကြားအာရုံချို့တဲ့မှုမြန်ဆန်ခြင်း၊ လုပ်ငန်းခွင်တွင်ဆူညံသံများကို ကာလကြာရှည်စွာနားထောင်ရခြင်းကြောင့် နားလေးလာခြင်း၊ တချို့သောဆေးဝါးများ ဥပမာ gentamicin နှင့် ကင်ဆာဆေးဝါးများသွင်းရခြင်းကြောင့် အကြားအာရုံချို့ယွင်းခြင်း ၊ ရုတ်တရက် လေဖိအားအပြောင်းအလဲများဖြင့် နားစည်ပေါက်ခြင်းတို့ကြောင့်လည်း အကြားအာရုံဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်သည်။

များသောအားဖြင့် အကြားအာရုံချို့ယွင်းမှုအမျိုးအစားအတော်များများကို လုံးဝပကတိ ပြန်ကောင်းအောင် မလုပ်နိုင်ပါ။ သို့သော် ဆရာဝန်နှင့်တိုင်ပင်ကုသပြီး နဂိုမူလထက် ပိုတိုးတက်သော အကြားအာရုံကို ရရှိနိုင်အောင် စွမ်းဆောင်နိုင်ပါသည်။

အကြားအာရုံချို့တဲ့ခြင်း၏ရောဂါလက္ခဏာများမှာ

  • လူအများစကားပြောသံများကို ပီပီသသမကြားရခြင်း
  • တခြားသူနှင့်စကားပြောသည့်အခါ တဖက်သူအား ဖြေးဖြေးနှင့်ကျယ်ကျယ်ပြောရန် အမြဲတမ်းလိုလို တောင်းဆိုမိတတ်ခြင်း
  • အိမ်တွင် TV နှင့် သီချင်းများနားထောင်ပါက လိုအပ်သည်ထက်ပို၍အသံများကို ကျယ်ထားမှသာ သေသေချာချာကြားရခြင်း
  • ဆူညံနေသည့်ပတ်ဝန်းကျင်တွင် တစုံတယောက်က မိမိအား တစုံတခုလှမ်းအော်ပြောသည့်အခါတိုင်း သည်းသည်းကွဲကွဲမကြားရခြင်း

အစရှိသောလက္ခဏာများပါဝင်တတ်သည်။

အကြားအာရုံချို့ယွင်းခြင်းသည် ရေရှည်တွင် ပုံမှန်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင်အခက်အခဲရှိလာနိုင်သဖြင့် အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် စိတ်ကျဝေဒနာများခံစားရခြင်း ၊ အထီးကျန်ခြင်း ၊ အပေါင်းအသင်းများ မဝင်ဆန့်ပဲ လူတောမတိုးခြင်း အစရှိသော လူမှုရေးပြသနာများဖြစ်ပေါ်လာနိုင်ပါသည်။

အကြားအာရုံချို့တဲ့ခြင်းကိုလျော့ပါးစေရန်ဆူညံသောလုပ်ငန်းခွင်တွင် earplugs ဟုခေါ်သော နားအကာပစ္စည်းများအသုံးပြုခြင်း၊ တတ်နိုင်သမျှ ဆူညံမှုများနှင့်ထိတွေ့မှုနည်းအောင်လျော့ချပေးခြင်း၊ အကြားအာရုံချို့ယွင်းသည်ဟုယူဆပါက အမြန် စမ်းသပ်စစ်ဆေးခြင်း ၊ သီချင်းများကို တတ်နိုင်သမျှကြားလောက်ရုံအနေအထားသာနားထောင်ခြင်း အသံကိုတိုးထားခြင်း ၊ ရေကူးရေငုပ်လျှင် အထူးသဖြင့် လေထုဖိအားပြောင်းလဲမှု ရုတ်တရက်မြန်မြန်မဖြစ်စေရန်သတိထားပေးခြင်း အစရှိသော အရာများကို ပြုလုပ်ပေးခြင်းဖြင့် နားနှင့်အကြားအာရုံထိန်းသိမ်းမှုကို ပိုမိုဂရုစိုက်ပေးနိုင်ပါသည်။

နီးစပ်ရာ ကျွမ်းကျင်ဆရာဝန်နှင့် အကြားအာရုံချို့ယွင်းချက်ရှိမရှိစမ်းသပ်စစ်ဆေးသည့်အခါ အတွင်းတွင် နားဖာချေးများပိတ်ဆို့နေခြင်းရှိမရှိကို သေချာကြည့်ရှုပေးခြင်း၊ တီးတိုးပြော၍စမ်းသပ်နည်း ( whisper test ) ကို စမ်းသပ်ပေးခြင်း ၊ tuning fork test ဟုခေါ်သော အကြးအာရုံသည် မည်သည့်အပိုင်းတွင်ချို့တဲ့နေသည်ကို စမ်းသပ်ခြင်း အစရှိသည်များကို ပြုလုပ်လေ့ရှိကြသည်။

ကုသရန်နည်းလမ်းအများစုသည် နားဖာချေးပိတ်ဆို့မှုကြောင့် ခေတ္တအကြားအာရုံချို့ယွင်းသည်ဟု ဆိုပါက ထိုနားဖာချေးကို စုပ်ထုတ်ခြင်း ( suction ) သို့မဟုတ် ပစ္စည်းကိရိယာသုံး၍ဖယ်ရှားခြင်းတို့ပြုလုပ်ကြသည်။ ထို့ပြင် နားကြားကိရိယာ၏အကူအညီဖြင့် အကြားအာရုံများပြန်၍ကောင်းမွန်အောင် အထောက်အပံ့ဖြစ်နိုင်စေရန် ပြုလုပ်နိုင်ကြသည်။

ထိုမျှသာမက နားအတွင်းအစားထိုးခြင်း ( cochlear implant ) ဟုခေါ်သော နည်းလမ်းများကိုပါ နားနှာခေါင်းလည်ချောင်းဆရာဝန်များမှ အသုံးပြုလာကြသည်။ အကြားအာရုံသည်လည်း လူတယောက်၏ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်သောကြောင့် သေချာတန်ဖိုးထားကာ စောင့်ရှောက်ပေးသင့်ပါသည်။

Name ဒေါက်တာ ဆုဝေမွန်
Degrees M.B.,B.S (ygn)
Biography 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center)
Topic Paediatric surgery Paediatric medicine Child psychiatry
Address Yangon
နှာခေါင်းအတွင်းရှိ ပဲစေ့ထည့်ခြင်း

နှာခေါင်းအတွင်းရှိ ပဲစေ့ထည့်ခြင်း

နှာခေါင်းအတွင်းရှိ ပဲစေ့ထည့်ခြင်း

ရေးသားသူ – ဒေါက်တာ ဆုဝေမွန်

ဒီပြသနာသည် ကလေးများတွင်တွေ့ရအများဆုံးဖြစ်သည်။ တခါတွေ့ဖူးသည်ဆိုလျှင် နှာခေါင်းအတွင်းသို့ ပဲစေ့ထည့်သည် မာလကာစေ့ထည့်သည် မာလကာသီးအဖတ်ထည့်သည် ဇီးစေ့ထည့်သည် အကြွေစေ့ထည့်သည် Cvit အလုံးလေးများ ပါးစပ်ထဲမထည့်ပဲ နှာခေါင်းထည့်ထည့်သည်။

ထို့သို့ foreign body ဟုခေါ်သော ပြင်ပမှ အရာတခု နှာခေါင်းထဲသို့ထည့်မိပါက ကလေးအား ပက်လက်အနေအထားလုံးဝမထားရ ၊ ခေါင်းမော့ပြီးနောက်လှန်ခြင်း အိမ်တွင် မိမိဘာသာ မိမိထုတ်ရန် ကြိုးစားခြင်းလုံးဝမပြုလုပ်ရ။

ကလေးအား ထိုင်လျက် အနေအထားဖြင့်သာ ဆေးရုံသို့ခေါ်ဆောင်လာရမည်။ ထို့အပြင်ကလေးတွင် ချောင်းအဆက်မပြတ်ဆိုးနေခြင်း ၊ သတိလစ်မေ့မျောသွားခြင်း ၊ ကလေးပြာနှမ်းလာခြင်း ၊ အသက်ရှုကြပ်လာခြင်းအစရှိသည့် လက္ခဏာများဖြစ်ပွားပါက အသက်ရှုလမ်းကြောင်းပိတ်နေသည်ဟု ယေဘုယျပြောနိုင်ပြီး တတ်နိုင်သလောက် မြန်မြန် ဆေးရုံသို့လာရမည်။

ဤကဲ့သို့ ကလေးများ မတော်တဆ ထည့်မိပြုမိခြင်းဖြင့် အသက်ဆုံးရှုံးသွားသော အသက်မမှီသော ကလေးများစွာလည်းရှိသည်။ ကလေးမိဘများအနေနှင့်လည်း ကလေးများအား နှာခေါင်းထဲသို့ ပစ္စည်းများလွယ်လင့်တကူမထည့်နိုင်စေရန် ဆေးလုံးများ နှာခေါင်းထဲသို့လွယ်လွယ်ကူထည့်လို့ရသော ပစ္စည်းများအား ကလေးများလက်လှမ်းမမှီသော နေရာတွင် ထားပေးရမည် သိမ်းဆည်းထားရမည်။

ထို့ပြင် ဆီးသီးမာလကာသီးတို့ကျွေးလျှင် တတ်နိုင်သလောက် အစေ့အဆံများဖယ်ထုတ်ပြီးမှကျွေးခြင်း ကလေးများကစားနေလျှင်ဖြစ်စေ အစာစားနေလျှင်ဖြစ်စေ တတ်နိုင်သလောက် လူကြီးတဦးမှ စောင့်ကြည့်ပေးခြင်းဖြင့် ဤမတော်တဆမှုများကို ရာခိုင်နှုန်းအတော်များများလျှော့ချနိုင်သည်။

ဤမတော်တဆဖြစ်သော ကလေးများ ဆေးရုံသို့ရောက်လာပါက သက်ဆိုင်ရာ ဆရာဝန်များမှ စမ်းသပ်ကာပိတ်ဆို့မှုသည် နှာခေါင်း၏ အပြင်ဖက်နားလောက်တွင်ဖြစ်ပြီး မြင်နေရလျှင် နှာခေါင်းထဲသို့ ထည့်၍ကလော်ထုတ်လို့ရသော ကိရိယာ ဖြင့် ကလော်ကာ ထုတ်ကြပါသည်။

သို့သော် နှာခေါင်းအတွင်းပိုင်သို့ရောက်နေလျှင်ဖြစ်စေ ပြင်ပမှု ပစ္စည်းတခု ဝင်သွားသည်ကို အတိအကျသိပြီး အပြင်ဖက်နားမှကြည့်သောအခါ မမြင်ရလျှင်ဖြစ်စေ ကလေးကို ဆေးရုံတင်တာ bronchoscopy ဟုခေါ်သော လေပြွန်ကြည့်ကိရိယာဖြင့် ခွဲခန်းထဲတွင်မေ့ဆေးပေးကာ အတွင်းပိုင်းအထိကြည့်ပြီး ထုတ်ခြင်းများပြုလုပ်ကြသည်။

ဤတွင် သတိထားစေချင်သည်မှာ တချို့ကလေးများတွင် ငိုရင်း ရှိုက်ရင်းဖြင့် နှာခေါင်းအပြင်ဖက် နားမှ အစေ့အဆံလေးများသည် နှာခေါင်းအတွင်းပိုင်းသို့ ပိုတိုးဝင်သွားတတ်သည်။ထို့ကြောင့် ကလေးငယ်များ တတ်နိုင်သမျှ မငိုစေရန်အရေးကြီးသောကြောင့် မိဘများအနေဖြင့် မိမိဘာသာ ထုတ်ဖို့ကြိုးစားခြင်း ကလေးအား အော်ဟစ်ဆူမာန်မဲခြင်းများ မပြုလုပ်သင့်ပါ။

အစေ့အဆံဝင်သွားခြင်းအား မသိ၍ဖြစ်စေ သိလျက်နှင့် မထုတ်ယူမိပါက အသက်ရှုလမ်းကြောင်းအတွင်းတွင် ပြည်တည်နာဖြစ်လာခြင်း ၊ နှာပုတ်ရည်များကျလာခြင်း ၊ အနံ့များနံခြင်းဖြစ်လာနိုင်ရုံသာမက အသက်ရှုလမ်းကြောင်းပိတ်ခြင်း ၊ အသက်ရှုကြပ်ခြင်း လေပြွန်မှတဆင့် အဆုတ်ပြွန်အထိသို့ အစေ့အဆံရောက်သွားကာ အဆုတ်ခဲခြင်း ပိုးဝင်ခြင်း အစရှိသည်တို့ ဖြစ်လာနိုင်ပါသည်။ ထိုမျှသာမက သတိမေ့ပြာနှမ်းကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သောကြောင့် လုံးဝမပေါ့ဆပဲ သတိထားဆင်ခြင်သင့်ပါသည်။

Name ဒေါက်တာ ဆုဝေမွန်
Degrees M.B.,B.S (ygn)
Biography 1years experience in yangon children hospital 2yr and 6 months experience in teleconsultation ( yin thway call center)
Topic Paediatric surgery Paediatric medicine Child psychiatry
Address Yangon
en_USEN
my_MMMY en_USEN