(+95)979 811 5566 info@myancare.org
သွားတွေ ဘာကြောင့် ကျဉ်ရတာလဲ?

သွားတွေ ဘာကြောင့် ကျဉ်ရတာလဲ?

သွားတွေ ဘာကြောင့် ကျဉ်ရတာလဲ?
ရေးသားသူ – ဒေါက်တာမျိုးမြင့်အောင်

အခုတလော ကျွန်တော့်ဆေးခန်းတွေမှာ တွေ့ရတာအများဆုံးကတော့ သွားကျဉ်တဲ့ လူနာတွေပါပဲ ။
ရာသီဥတုက အေးလာတော့ သွားတွေလည်း အေးလာရောတဲ့ ။ သွားကျဉ်တာကို တချို့လူနာတွေက သွားအေးတယ်လို့ သုံးနွုန်းကြတာ ။
သွားကျဉ်တာဟာ တချို့လူတွေမှာကျ ရေပူ ရေအေးသောက်မှ ကျဉ်တယ် ။ တချို့လူတွေမှာကျ အချိုစားတဲ့အခါ ကျဉ်တယ် ။ တချို့ကျ ဒီအတိုင်းတစ်နေကုန်ကို သွားကျဉ်ပြီး ပါးကြောတွေပါ နာလာတော့တာပဲ ။

သွားကျဉ်တာဟာ ခဏတာအခြေအနေမျိုး အရမ်းကြီးနေရခက်တာမျိုးမဟုတ်တဲ့အတွက် ဆေးခန်းကို သွားကျဉ်လို့ လာပြရင် တော်တော်ကို ကျဉ်နေလို့ လာပြတာပါ ။ လူတော်တော်များများကတော့ သွားကျဉ်တာကို သတိထားမိရင်တောင် ဆေးခန်းပြရကောင်းမှန်း မသိကြပါဘူး ။

သွားကျဉ်တာဟာ သွားကျန်းမာရေးအတွက် အရေးကြီးပါတယ် ။ သွားကျဉ်တာဟာ သွားနှင့်ခံတွင်းရောဂါတစ်ခုရဲ့ အစလည်းဖြစ်နိုင်တာပဲ ။
လူတစ်ယောက်နဲ့ တစ်ယောက် သွားကျဉ်ရတဲ့ အကြောင်းအရင်း မတူကြပါဘူး ။ သွားကျဉ်ရတဲ့ အကြောင်းအရင်းတွေကို ဖတ်ကြည့်လိုက်ရင်တော့ သွားကျဉ်တာဟာ ပေါ့ပေါ့ဆဆနေသင့်တာမျိုးမဟုတ်ဘူးဆိုတာ သိသွားပါလိမ့်မယ် ။

သွားတွေဘာလို့ ကျဉ်ရတာလဲဆိုတဲ့ အကြောင်းအရင်းတွေကို ကြည့်လိုက်ကြရအောင်…။
(၁) သွားပိုးပေါက်များ ။
ကျွန်တော်တို့သွားတွေကို လှပအောင် ခိုင်မာအောင် အကာကွယ်ပြုထားတာက “သွားရဲ့ ကြွေလွာ” ပါ။ ကြွေလွာဟာ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အမာဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ် ။ ကြွေလွာရဲ့ အောက်မှာ ” ဆင်စွယ်နှစ်လွာ ” ဆိုတဲ့ ဆင်စွယ်ရောင် အလွာတစ်ခုရှိတယ် ။ သူ့အောက်မှာတော့ အာရုံကြောတွေ သွေးကြောတွေနဲ့ ဖွဲ့စည်းထားတဲ့ “မွသွားလွာ” ဆိုတဲ့ အူတိုင်လေးရှိပါတယ် ။ ဒီတော့ သွားရဲ့ အပြင်ဘက်အခုမြင်နေရတာ ကြွေလွာ ။ သူ့အောက်မှာ ဆင်စွယ်နှစ်လွာ ။ အတွင်းဆုံးအူတိုင်လေးကတော့ မွသွားလွာပေါ့ ။
ဒါကိုမြင်ရင် ဆက်ဖတ်ရအောင် ။ အောက်မှာ ပုံလေးလည်း ပြထားပါတယ် ။

သွားပိုးစားတဲ့အခါ ကြွေလွာကနေ စစားပါတယ် ။ အဲ့ဒီအချိန် များသောအားဖြင့် ဘာခံစားမွုမှ သိရဦးမှာမဟုတ်ပါဘူး ။ ကြွေလွာမှာ သွားပိုးစားတာကို သတိမထားမိပဲ သွားမဖာမိဘူးဆိုရင် သွားပိုးစားတာက ဆင်စွယ်နှစ်လွာကို ရောက်လာပါပီ ။ ဆင်စွယ်နှစ်လွာဟာ အတွင်းထဲက အာရုံကြောတွေနဲ့ အတော်နီးလာတာမို့ သွားဟာ စကျဉ်လာပါတော့တယ် ။
ဒီအခြေအနေမှာ သွားမဖာမိဘူးဆိုရင် မကြာခင် သွားကိုက်လာတော့မှာ အသေအချာပါပဲ ။

(၂) သွားရဲ့ အပေါ်ယံကြွေလွာများပျက်စီးခြင်း ။
သွားရဲ့ ကြွေလွာတွေဟာ စားတာဝါးတာကြာလာတဲ့အခါ သဘာဝအတိုင်း ပျက်စီးတတ်ပါတယ် ။ အသက်ကြီးတဲ့ လူတွေမှာ ကြွေလွာတွေ ကုန်နေတာကို တွေ့ရတတ်ပါတယ် ။ အသက်ကြီးတဲ့လူတွေပြောလေ့ရှိကြတဲ့ မြန်မာစကားတောင်ရှိတာပဲ ” ငါတို့က အံတိုနေပြီ ” ဆိုတာ ။ အသက်ကြီးလာတာကြောင့် ကြွေလွတွေကုန်ပြီး သွားတွေဟာ တိုတိုလေးတွေဖြစ်လာတာပါ ။

ကြွေလွာတွေဟာ သဘာဝအတိုင်း ကုန်သွားတာ မှန်ပေမယ့် သွားကျဉ်တာကို ခံစားကြရပါတယ် ။ များသောအားဖြင့် အသက် ၄၅ နှစ်လောက်ကနေ ပျှမ်းမျှတွေ့ကြရပါတယ် ။
သဘာဝအတိုင်းမဟုတ်ပဲ ကြွေလွာတွေ ပြုန်းတဲ့သူတွေကတော့ ညဘက်အိပ်ရင်း သွားကြိတ်တာအကျင့်ရှိတဲ့သူတွေ ၊ ကွမ်းယာစားတဲ့သူတွေ ၊ အချဉ်စားတာများတဲ့သူတွေ ဖြစ်ပါတယ် ။

သူတို့တွေမှာတော့ အရွယ်မတိုင်ခင် သွားကြွေလွာတွေပြုန်းလေ့ရှိပြီး သွားကျဉ်တာအပြင် မေးရိုးပြဿနာများကိုပါ ကြုံတွေ့ရတတ်ပါတယ် ။

(၃) သွားအကျိုးအပဲ့များ ။
သွားအကျိုးအပဲ့တွေဆိုတာ သွားပိုးစားတာကြောင့်လည်း ဖြစ်နိုင်သလို မတော်တဆ ထိမိခိုက်မိတာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ တစ်ခုခုနဲ့ တိုက်မိဆောင့်မိလို့ သွားကြွေလွာတွေပဲ့သွားရင်လည်း သွားကျဉ်တတ်ပါတယ် ။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ပဲ့သွားတဲ့နေရာကို ပြန်လည်ဖာထေးခြင်း သို့မဟုတ် သွားအစွပ်စွပ်ပေးခြင်းများကို လုပ်ပေးရမှာဖြစ်ပါတယ် ။

(၄) ဖာထားတဲ့ သွားတွေ မလုံတော့ရင်…။
သွားတွေကျဉ်လို့ သွားတွေကတော့ ဖာလိုက်ပါပြီ ။ ပစ်ထားလို့ မရပါဘူး ။ အမြဲတမ်း ထိန်းသိမ့်ပြီး စစ်ဆေးပေးရပါမယ် ။ ဖာထားတဲ့ ဆေးက ကွာသွားပြီး သွားဖာတာ ဟသွားခဲ့ရင် သွားပြန်ကျဉ်နိုင်ပါတယ် ။ သွားဖာထားတဲ့သူတွေအနေနဲ့ သွားဖာတဲ့ဆေးက ကွာသွား/ဟသွားတာကို သံသယရှိပါက ချက်ချင်းဆေးခန်းပြန်ပြပေးပါ ။

(၅) သွားအမြစ်တွေ ပေါ်နေမယ်ဆိုရင်…။
ကျွန်တော်တို့သွားရဲ့ အမြစ်တွေကို သွားဖုံးတွေက အကာအကွယ်ပေးထားကြပါတယ် ။ သွားဖုံးတွေ အောက်ကိုကျသွားရင် သွားအမြစ်တွေ ပေါ်လာတော့တာပါပဲ ။ ဒါဆို သွားအမြစ်တွေဟာ အကာအကွယ်မရှိတော့ပဲ သွားကျဉ်တာကို ခံစားရပါတော့တယ် ။ သွားဂျိုးတွေကြောင့် /သွားဖုံးရောင်တာကြောင့် သွားဖုံးတွေ အောက်ကိုနိမ့်ကျသွားပြီး သွားအမြစ်တွေပေါ်လာတတ်ပါတယ်…။ ဒါကတော့ သန့်ရှင်းရေးအားနည်းလို့ဖြစ်ပါတယ်…။

စနစ်မှန်သွားတိုက်နည်းဖြင့် သွားမတိုက်ပဲ သွားကို ကန့်လန့်ဖြတ်ကြီး တချိန်လုံးတိုက်နေမယ်ဆိုရင် သွားဖုံးတွေစုတ်ပြတ်သတ်ပြီး သွားအမြစ်တွေပေါ်လာတတ်ပါတယ် ။ ဒီလိုကန့်လန်ဖြတ်ပြီး သွားတိုက်နေရင် သွားအမြစ်တွေပေါ်လာတာအပြင် သွားရဲ့ခါးမှာ အချိုင့်ရာ အပြတ်ရာတွေပါ ဖြစ်လာတတ်ပါတယ် ။
ဒါဆို သွားပိုကျဉ်ပြီပေါ့ ။

#သွားကျဉ်တာကို ဘယ်လိုကုသကြမလဲ…?
လူနာတော်တော်များများက သွားကျဉ်တာကို ပျောက်သွားမှာပါလို့မျှော်လင့်ရင်း ပေါ့ပေါ့လေးသဘောထားပြီး နေလိုက်ကြတာများတယ်…။
နောက်ပြီး ကိုယ့်ဘာသာကိုယ် သူများတွေကို ဟိုမေးဒီမေး မေးပြီး ကုကြသေးတာ…။ ဟိုလူကတော့ ဒီဆေးနဲ့ပျောက်တာတဲ့ဆိုရင် သူလည်း ဒီဆေးနဲ့ပျောက်မှာဆိုပီး ချတော့တာပဲ…။

ဒီတော့ မနေနိုင်မထိုင်နိုင် သွားကျဉ်ပြီဟေ့ ဆိုမှသာ ဆေးခန်းရောက်လာတာများပါတယ်…။
တကယ်တော့ သွားကျဉ်လာပြီဆိုကတည်းက ဆေးခန်းကိုရောက်လာရင် သွားတိုက်ဆေးလေးတိုက်ရင် ပျောက်မယ့်ကိစ္စက သွားအကြောထုတ်တာ တချို့ဆို နူတ်ရတာအထိဖြစ်သွားတတ်တယ်…။

သွားကျဉ်တာကို ကုသတဲ့နေရာမှာ သူ့ရဲ့ဖြစ်စဉ်ပေါ်မူတည်ပါတယ်…။ ဒီတော့ “ငါကတော့ ဒီသွားတိုက်ဆေးသုံးတာ သက်သာတယ်” လိုပြောတဲ့အခါ အဲ့ဒါကြီး ဇွတ်သုံးမနေနဲ့….ဆေးခန်းလာပြပါ…။ သူပျောက်ပေမယ့် ခင်ဗျားကျ ပျောက်ချင်မှပျောက်မယ်…။ လူတစ်ယောက်နဲ့တစ်ယောက် သွားကျဉ်တာတူပေမယ့် ဖြစ်ကြတဲ့အကြောင်းအရင်းတွေ ကွာပါတယ် ။

တကယ်လို့ သွားပိုးစားတာကြောင့်ကျဉ်တယ်ဆို ဖာရင်ကောင်းသွားရော…။
တချို့ကျလည်း အပေါ်ကနေ သွားတုအစွပ်လေးတွေစွပ်တန်စွပ်…။
အရမ်းဆိုးပြီး တချိန်လုံးကျဉ်နေတဲ့ သွားဆိုရင် အကြောထုတ်တဲ့ ကုသမွုခံယူသင့်ရင်ခံယူ…။
သွားနူတ်တဲ့အဆင့်အထိကြီးရောက်သွားအောင် ပေတေပြီး ကိုယ့်ဘာသာကိုယ် အိမ်မှာမကုသကြဖို့ပါ…။
ဆေးတွေညွန်းတတ်တဲ့ ဆရာဝန်မဟုတ်တဲ့ စေတနာအမှားများရှင် အိမ်နီးချင်းမိတ်ဆွေ ဆွေမျိုးသင်္ဂဟတွေကိုလည်း မယုံဖို့ပါ…။
ကျွန်တော်ဒီလိုတွေ စာတွေတော်တော်များများထဲ ထည့်ထည့်ရေးတော့ မိတ်ဆွေတစ်ယောက်ကတောင် ကျွနတော့်ကို လှမ်းနောက်တယ် ။
“လူနာတွေဆိုတာ ဆရာဝန်စကားပဲ နားမထောင်တာ ကျန်တာ ဘယ်သူပြောပြော နားထောင်တယ် ” တဲ့ ။ ကဲ…။

ဒီတော့ ဒီနေ့ကျွန်တော်ပြောချင်တာက သွားကျဉ်တာဟာလည်း အရေးကြီးတယ်… ဆေးခန်းပြသင့်တယ်ဆိုတဲ့ message လေးကို ပေးချင်တာပါ…။
ကဲ ဆေးခန်းလာဖို့မပျင်းပါနဲ့… မကြောက်ပါနဲ့…။

သွားတစ်ချောင်းဆိုတာ အရမ်းအဖိုးတန်တာပါနော်…။မိမိပါးစပ်ထဲက သွားလေးတွေကျဉ်နေတာများရှိရင် မိမိပြနေကျသွားဆရာဝန် သို့မဟုတ် နီးစပ်ရာ သွားနဲ့ခံတွင်းဆေးခန်းမှာ အချိန်ပေးပြီးဆွေးနွေးတိုင်ပင်ပါလို့ တိုက်တွန်းပါရစေခင်ဗျာ ။

သွားတိုက်ပျင်းတဲ့ သားသားမီးမီးတွေကို သွားတိုက်လာအောင် ဘယ်လိုလုပ်ကြမလဲ

သွားတိုက်ပျင်းတဲ့ သားသားမီးမီးတွေကို သွားတိုက်လာအောင် ဘယ်လိုလုပ်ကြမလဲ

” သွားတိုက်ပျင်းတဲ့ သားသားမီးမီးတွေကို သွားတိုက်လာအောင် ဘယ်လိုလုပ်ကြမလဲ…?”

ရေးသားသူ – ဒေါက်တာ မျိုးမြင့်အောင် (သွားနှင့်ခံတွင်းကျန်းမာရေးအထူးကု)

ကလေးတွေ သွားနှင့်ခံတွင်းရောဂါတွေကင်းရှင်းအောင် ကာကွယ်ချင်တယ်ဆိုရင်တော့ သွားမှန်မှန်တိုက်ပေးဖို့လိုပါမယ် ။

ဒါပေမယ့် ကလေးတွေကို သွားမှန်မှန်တိုက်ပေးတာဟာ မိဘတိုင်းအတွက် လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး ။ “ဆရာရေ… အိမ်က သားသားကတော့ သွားတိုက်ချိန်ရောက်ရင် ငိုတာပဲ” “အိမ်က မီးမီးကတော့ လုံးဝတိုက်ခိုင်းလို့ကိုမရဘူး ” ဆိုတာတွေကို ကျွန်တော်အမြဲတမ်း မကြားချင်မှ အဆုံး ။

ဒါဆို ကလေးတွေ သွားတိုက်ချင်လာအောင်ဘယ်လိုလုပ်ကြမလဲ ။ ကလေးပေါက်စတွေကိုတော့ ကျွန်တော်တို့ သင်ပေးကြမယ်။

ကလေးကြီးတွေကိုတော့ ကျွန်တော်တို့ ဂျင်းထည့်ကြရအောင် ။ ကျွန်တော်စဉ်းစားမိသမျှ နည်းလမ်းတွေကို မျှဝေပါ့မယ်။

ဒါဆို စလိုက်ကြရအောင်…..

သွားတိုက်တံကိုမိတ်ဆက်တဲ့အဆင့်
ကလေးပေါက်စလေးကို သွားတိုက်မယ် လာစမ်းဆိုပြီး စလိုက်လို့ကတော့ အဲ့ဒီကလေးကို ဘယ်တော့မှ သွားတိုက်လို့ရတော့မယ် မထင်ဘူး။

မိဘတိုင်း ကလေးတွေရဲ့ ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုကို လသားအရွယ်ကတည်းက စတင်သင့်ပါတယ် ။

ဒါကြောင့် လသားအရွယ်ကလေးလေးကို ရင်ခွင်ထဲ အသာအယာထည့်၍သော်လည်းကောင်း ၊ မျက်နှာချင်းဆိုင် အနေအထားနဲ့သော်လည်းကောင်း ကလူကျီစယ်ရင်း ခံတွင်းသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ် ။

သွားတွေပေါက်မလာခင် အဝတ်စို နုနု သန့်သန့်လေးနဲ့ ခံတွင်းသန့်ရှင်းရေးကို အစပြုသင့်ပါတယ်။
သွားမပေါက်သေးပေမယ့် သွားဖုံးလေးတွေကို နေ့စဉ်သန့်ရှင်းပေးခြင်းဟာ ကလေးတွေသွားပေါက်ချိန်မှာ သွားတိုက်တံကို မိတ်ဆက်ဖို့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်သလို ကလေးရဲ့ ခံတွင်းကျန်းမာရေးကိုလည်း ပိုမိုတိုးတက်ကောင်းမွန်လာစေမှာ အမှန်ပါပဲ။

ကလေးလသားပေါက်စလေးတွေက မေမေလုပ်သမျှ ငြိမ်ခံတတ်ပေမယ့် နည်းနည်းလေးကြီးလာ သိတတ်လာတော့ ဂျီကျတတ်လာရော ။ သွားတိုက်ချိန်မှာ ရုန်းမယ် ကန်မယ် ငိုမယ်ပေါ့လေ ။

ဒါဆိုရင်တော့ သွားတိုက်ခြင်းဟာ လူတွေအတွက် ပုံမှန်အလေ့အထတစ်ခုဆိုတာ သင့်ကြားပေးရမယ့် အချိန်ပါပဲ ။

ဖေဖေ မေမေတို့က ကလေးလေးတွေရှေ့မှာ သွားတိုက်ပြပါ ။ သွားတိုက်ရင်း စနောက်ကျီစယ်ပါ။ သွားတိုက်ပြီးရင် ရေနဲ့ထွေးရတယ်ဆိုတာ လုပ်ပြပါ ။

ကလေးလေးတွေနဲ့ ကစားတဲ့အခါ သူ့အရုပ်လေးတွေကို သွားတိုက်တမ်းဆော့ပေးပါ ။ သူ့အရုပ်လေးတွေကိုလည်း သူ့ကို သွားတိုက်ခိုင်းပါ ။

ကလေးလေးတွေကို စရင်းနောက်ရင် အချိန်ပေးပြီး သွားတိုက်ပေးပါ ။ သူသွားတိုက်တဲ့အချိန်မှာ ချီးမွမ်းပေးပါ ။

သွားတိုက်ခြင်းဟာ ကျွန်တော်တို့တွေအားလုံးအတွက် အလေ့အထတစ်ခုဆိုတာ သင်ယူနိုင်မှာဖြစ်ပြီး ကလေးတွေ သွားတိုက်ခြင်းကို လက်ခံလာပါလိမ့်မယ်။

ကလေးစိတ်ဝင်စားအောင်ဖန်တီးကြည့်ပါ

  • သွားတိုက်တံကို ကလေးကိုယ်တိုင်ရွေးချယ်ပါစေ..။ သူကြိုက်တဲ့ တိရစ္စာန်ရုပ်လေးတွေ ၊ Spider Man တို့ ဘာဘီတို့ စသဖြင့်အရုပ်လေးတွေပါတဲ့ သွားတိုက်တံလေးတွေက ကလေးတွေကို စိတ်ဝင်စားမှုဖြစ်စေမှာပါ။
  • ကလေးသွားတိုက်ဆေးမှာ စတော်ဘယ်ရီအရသာ ဖရဲသီးအရသာ လိမ္မော်အရသာ စသဖြင့်အမျိုးမျိုးရှိလို့ ကလေးနှစ်သက်တဲ့ သွားတိုက်ဆေးကို ဝယ်ကြည့်ပါ…။
  • ကလေးနဲ့ အတူတူ သွားတိုက်ပါ…။ မိဘနဲ့ကလေးအတူသွားတိုက်ခြင်းက မိသားစုကိုပိုပြီးနွေးထွေးစေပါလိမ့်မယ်….။ ကလေးလည်းဖိအားမများတော့ဘူးပေါ့။

ဒါကြောင့် ကလေးတွေကို တစ်ယောက်တည်း သွားမတိုက်ခိုင်းပါနဲ့…။

  • သွားတိုက်နေစဉ် ကလေးနှစ်သက်တဲ့ သီချင်းလေးဖွင့်ထားပါ…။ ခေါတ်စားနေတဲ့သီချင်းမြူးမြူးလေးတွေ ရွေးဖွင့်ရင်ပိုကောင်းပါတယ်…။
  • သွားတိုက်တံကို မိုက်ခရိုဖုန်းလုပ်ပြီး မှန်ရှေ့မှာ ရုပ်ပြောင်လေးတွေ အတူတူလုပ်ကြည့်ပါ…။
    ဒါဆို သွားတိုက်တာက တော်တော်စိတ်ဝင်စားဖို့ကောင်းနေပြီ ပျော်စရာလည်းကောင်းနေပါပြီ…။
    ဒီလိုလုပ်တာတောင် ပျင်းနေသေးတယ်ဆို နဲနဲထပ်အဆင့်မြင့်ရအောင်…။

သွားတိုက်တာကို ကစားသလိုမျိုးလုပ်ကြမယ်…

  • ကလေးကို သူဆော့နေကြ အရုပ်လေးတွေကိုပါ သွားတိုက်ခိုင်းကြည့်ပါ…။ သွားတိုက်တာကို စိတ်ပါလာမှာ သေချာပါတယ်…။
  • သွားတိုက်နေကြတဲ့ ကာတွန်း Video လေးတွေကိုလည်းပြပါ…။
  • တလှည့်စီသွားတိုက်ပေးတမ်းဆော့ပါ…။ ကိုယ့်ကို ကလေးကအရင်တိုက် ပြီးရင် ကိုယ်က ကလေးကို ပြန်တိုက်ပေးတာမျိုး…။

ဒီထက်ပိုစိတ်ပါလာအောင် ဆုပေးလို့ရသေးတယ်…
ဒါကတော့ ကလေးကြီးတွေကို ဂျင်းထည့်တဲ့နည်းပေါ့ ။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်သားသမီးတွေဖြစ်တဲ့အတွက် အခွင့်အရေးတွေ ၊ မုန့်တွေ ၊ အရုပ်တွေ ၊လက်ဆောင်ပစ္စည်းလေးတွေက ဝယ်ပေးရတာပဲပေါ့နော် ။ အဲ့ဒါကို အသုံးချပြီး ဂျင်းထည့်ကြတာပေါ့ ။

ကျွန်တော်ကတော့ ကလေးကို ပစ္စည်းတွေပေးတာထက်…ကလေးကြိုက်တတ်တဲ့ အခွင့်အရေးတွေကိုပေးတာ ပိုနှစ်သက်ပါတယ် ။

ဥပမာ ပုံပြင်ဖတ်ပြတာ၊ ကလေးကစားကွင်းသွားတာ၊ ခရီးထွက်တာတို့ ပေါ့နော်…။
ကလေးကြီးတွေဟာ သွားတိုက်ပိုပျင်းတတ်ကြတယ် ။ တချို့ကလေးကြီးတွေကျတော့လည်း သွားတော့တိုက်တယ် ပြီးစလွယ်တိုက်တာမျိုးပေါ့။ ကလေးကြီးတွေကျတော့ လူကြီးသွားတွေလည်း ပါးစပ်ထဲရှိနေနိုင်တာမို့ မိဘတွေအနေနဲ့ သွားတိုက်ခြင်းကို ပိုကြပ်မတ်သင့်ပါတယ် ။

မိဘတွေတော်တော်များများကတော့ ပြက္ခဒိန်တွေမှာ အမှန်ခြစ်တွေ ခြစ်တဲ့နည်းလမ်းကို သုံးတာများတယ် ။ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်တာဆိုတော့ တစ်နေ့ကို အမှတ် နှစ်ခြစ်ပေါ့ ။ အမှတ် (၁၀၀၀) ရရင် ဆုရတာမျိုး စသဖြင့် လုပ်ကြတယ် ။

သွားတိုက်တဲ့အချိန်မှာ မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့ ကလေးကို မိဘတွေတော်တော်များများကတော့ ကလေးကိုသွားကျန်းမာရေးဗဟုသုတတွေ သိသလောက်ပြောပြတယ်လို့ ကျွန်တော့်မိတ်ဆွေတော်တော်များများကပြောထားပါတယ်…။ တချို့ မိဘတွေကျပြန်တော့လည်း ချော့တန်ချော့ ခြောက်တန်ခြောက် ရိုက်တဲ့အခါတောင် ရှိသတဲ့ဗျာ…။ မိဘတွေတွေတော့ ကလေးကိုကောင်းစေချင်သကိုးနော့…။

ကလေးကို သွားတိုက်ခိုင်းတဲ့ကိစ္စမှာ သွားကျန်းမာရေးအကြောင်းပြောပြတာနဲ့တင်မလုံလောက်ပါဘူး ။ လူကြီးတွေတောင်ပျင်းကြတာ ကလေးတွေလည်း ပျင်းတာပေါ့ ။

ဒီလောက်ဆိုရင်တော့ ကလေးတွေကို သွားတိုက်ဖို့ စည်းရုံးနိုင်မယ်လို့ ထင်ပါတယ်။
ဇွဲရှိဖို့တော့ လိုမယ်နော် ။

ကလေးလေးတွေ သွားတိုက်တာကို စိတ်ဝင်စားလာပြီဆိုရင် ကလေးလည်း သွားနှင့်ခံတွင်းရောဂါတွေကင်းမယ် ဖေဖေမေမေတို့လဲ စိတ်မညစ်ရတော့ဘူးပေါ့…။
မိဘနဲ့ကလေးကြားမှာလည်း အတူတူအချိန်တွေကုန်ဆုံးဖြစ်သလို ချစ်စရာအမှတ်တရလေးများစွာ ကျန်ခဲ့မှာ အသေအချာပါပဲ ။
ကဲ အရမ်းမခက်ပါဘူး… ဖေဖေမေမေတို့ရေ… ။
ကြိုးစားကြည့်ပါဦး…

en_USEN
my_MMMY en_USEN